ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲမှု ဖြစ်ပွားအပြီး မြို့တွင်း လုံခြုံရေးအပေါ် အထူး စိုးရိမ်စရာ ဖြစ်နေသည်ဟု ဒေသခံများက နိရဥ္စရာသို့ပြောသည်။
“အခုဆိုရင်တော့ ကျနော်တို့ရဲ့လုံခြုံရေး ၉ဝ ရာနှုန်းအထိ စိုးရိမ်နေရပါတယ်။ ဗုံးက အများကြီးလေ။ တခြားနေရာတွေမှာ မရှိနိုင်ဘူးလို့ မပြောနိုင်ဘူး။ အစိုးရအဆောက်အအုံတွေမှာ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေမှာပေါ့။ အခုဆိုရင် ဌာနဆိုင်ရာမှာ Duty ကျနေတဲ့လူတွေတောင် မအိပ်ဝံ့ကြတော့ဘူး ” ဟု စစ်တွေမြို့ခံ ကိုပေါက်စက နိရဥ္စရာသို့ ပြောသည်။
စစ်တွေမြို့တွင် ဖေဖော်ဝါရီ ၂၄ ရက်နေ့၊ နံနက် ၄ နာရီ ၁ဝ မိနစ်ခန့်က ပြည်တော်သာရပ်ကွက်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနေအိမ်ရှေ့တွင် ၁ လုံး၊ စစ်တွေခရိုင်တရားရုံးနှင့် တရားလွှတ်တော်ရုံးရှေ့ရှိ ထရန်စဖော်မာတွင် ၁ လုံးနှင့် ရခိုင်ပြည်နယ်မြေစာရင်း ဦးစီးဌာန ရုံးရှေ့တွင် ၁ လုံး၊ စုစုပေါင်း ဗုံး ၃ လုံး ပေါက်ကွဲခဲ့သည်။
“ပြောချင်တာကတော့ ထိရောက်တဲ့လုံခြုံရေးစနစ်တိုးမြှင့်ဖို့ရယ်၊ ပြည်သူလူထု ပူပေါင်းပါဝင်မှု၊ သတင်း ပေးမှု၊ အကူအညီတောင်းခံမှုတွေကို အရေးတယူ ဆောင်ရွက်ပေးဖို ့ အမှန်တကယ် လိုအပ် ပါတယ်။ အရပ်သားတစ်ယောက်အနေနဲ့ကတော့ မိမိတို ့နေတဓူဝ သွားလာ လှုပ်ရှား နေရတဲ့နေရာမှာ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ကြုံနေရတဲ့အတွက် မလိုလားအပ်တဲ့ ကြန် ့ကြာ နှောင့်နှေးမှုကတော့ သေချာပေါက် ကြုံနေရပြီဖြစ်ပါတယ် “ဟု စစ်တွေမြို့ခံ တစ်ဦးဖြစ်သူ ကိုတင်ငြိမ်းဦးကလည်း နိရဥ္စရာသို့ပြောဆိုသည်။
အရပ်သား ၁ ဦးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် စစ်တွေ ဗုံးပေါက်ကွဲမှုအပြီးတွင် မြို့တွင်းနှင့် မြို့ပြင်လုံခြုံရေးကို အထူးတင်းကျပ် ထားရကြောင်းလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။
“လက်ရှိမှာတော့ ကျနော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ စစ်တွေမြို့ရဲ့ အရေးကြီးနေရာ အားလုံးကို ပိတ်ဆို့ပြီးတော့မှ လုံခြုံရေးဆောင်ရွက်နေပါတယ်”ဟု ရဲမှူးကြီး အောင်မြတ်မိုးက မီဒီယာများကိုသို့ပြောသည်။
စစ်တွေမြို့တွင် ညနေ ၆ နာရီကျော်လာလျှင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် မြို့တွင်းသို့ ကားဖြင့်လှည့်ကင်းဆောင်ရွက်ခြင်းနှင့် စစ်တွေမြို့အဝင် မီးစက်ခွဆုံအနီးတွင်လည်း ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများပြုလုပ်နေသည့်ကြားမှ ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်၍ ဒေသခံများအကြား စိုးရိမ်စိတ်မြင့်တက်နေခြင်းဖြစ်ကြောင်ဖြင့်လည်း သိရှိရသည်။







