မဟာမုနိဘုရားအာရုံခံစောင်းတန်းရှိ ကနုတ်ပန်းများကို ဓညဝတီခေတ်လက်ရာများဖြင့် အစားထိုးတပ်ဆင်

မဟာမုနိဘုရားအာရုံခံစောင်းတန်းရှိ ကနုတ်ပန်းများကို ဓညဝတီခေတ်လက်ရာများဖြင့် အစားထိုးတပ်ဆင်
by -
စံမောင်သန်း

ရခိုင်ပြည်နယ်မှ နာမည်ကြီး ဘုရားတစ်ဆူဖြစ်သည့် ကျောက်တော် မဟာမုနိအာရုံခံ ဘုရားတန်ဆောင်းများရှိ ထီးတော်များ၏ ကနုတ်ပန်းများမှာ ရှေးခေတ်ပုဂံလက်ရာများဖြင့် ရောပြွမ်းနေသဖြင့် ယခုအခါ ဓညဝတီခေတ်လက်ရာ ကနုတ်ပန်းများသက်သက်ဖြင့် အစားထိုးတပ်ဆင်နေကြောင်း သတင်းရရှိသည်။

“အခုလက်ရှိ ရှိနေတဲ့ စောင်းတန်းအာရုံခံထီးတော်တွေရဲ့ ကနုတ်ပန်းတွေဟာ ဆွေးနေပြီ ဖြစ်ပါတယ်။ ဒါတွေကို အသစ်ပြန်လည် တပ်ဆင်နေတဲ့ နေရာမှာ ပုဂံခေတ် လက်ရာတွေနဲ့ ရောထွေးနေတဲ့ ကနုတ်ပန်းတွေရဲ့ နေရာမှာ ဓညဝတီခေတ် ပန်းကနုတ်လက်ရာတွေနဲ့ အစားထိုးတပ်ဆင်နေကြပါတယ်” ဟု မဟာမုနိဘုရားဂေါပကအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ဦးညိုသာလှက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ထိုသို့ တပ်ဆင်နေကြခြင်းမှာ ဘုရား ဂေါပက အစည်းအဝေးက ဆုံးဖြတ်ချက်အရဖြစ်ကြောင်း၊ရှေးဟောင်း သုတေသနဌာက ဦးညိမ်းလွင်ကလည်း ကနုတ်ပန်းများ လက်ရာများမှာ ပုဂံခေတ် လက်ရာနှင့် ဓညဝတီခေတ်လက်ရာများ ရောထွေးနေသည်ဟု ပြောကြားကြောင်း ဦးညိုသာလှက ဆက်လက် ပြောကြားသည်။

မဟာမုနိဘုရား သိမ်တော်၌ ပင်မအဆောင် ထီးတော်တစ်ဆူနှင့် စောင်းတန်းအာရုံခံထီးတော် ၁၃ ဆူရှိပြီး အရှေ့ဘက်စောင်းတန်းအာရုံခံထီးတော်ကို စတီးရွှေရောင် ပန်းအသစ်တင်ပြီးပြီ ဖြစ်ကြောင်း၊ အနောက်ဘက်စောင်းတန်း အာရုံခံထီးတော်ကို ပြန်တင်ရန် စလုပ်နေကာလာမည့် တပေါင်းလပြည့်နေ့ ကျင်းပမည့် ဘုရားပွဲတော်တွင် တင်မည်ဟု သိရသည်။

စောင်းတန်း အာရုံခံထီးတော်များ ပြန်တင်ရာတွင် အရှေ့ဘက်စောင်းတန်း အာရုံခံ ထီးတော် အတွက် ကျပ်သိန်း ၇၀၀ ကျော်ကုန်ကျပြီး၊ အနောက်ဘက်စောင်းတန်း အာရုံခံထီးတော်အတွက် ကျပ်သိန်း ၆၀၀ ကျော် ကုန်ကျမည်ဖြစ်ကာ ကျန်ထီးတော်များအတွက် ကျပ်သိန်း ၁၀၀ ကျော်မှ ၂၀၀ ခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း၊ ထီးတော် ၁၃ ဆူအတွက် အလှူရှင်များကို ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စောင်းတန်းရှိ ကနုတ်ပန်းများကိုလည်း အသစ်ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ပေလျှင် ၂၀၀၀၀ ကျပ် ကုန်ကျနိုင်မည်ဖြစ်ကာ စေတနာရှင်များအနေဖြင့် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

စောင်းတန်းရှိ ဘုံဆင့်များအတွက် ကနုတ်ပန်းများ အသစ်ပြုလုပ်ရန် ကျပ်သိန်း ၂၀၀၀ ကျော် ကုန်ကျမည်ဟုဆိုသည်။

ယခုနှစ် မဟာမုနိဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မတ်လ ၃ ရက်နေ့ထိ ၆ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ပဌာန်းပွဲ၊ အနေကဇာတင်ပွဲ၊ ဆွမ်းတော်ကြီးလောင်းပွဲ၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ မသိုးသင်္ကန်းကပ်လှူပွဲ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ဘောလုံးပွဲနှင့် ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရှိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...