ရာသီစာကရင့်ရိုးရာမျှစ်တာလပေါ့ဟင်း

ရာသီစာကရင့်ရိုးရာမျှစ်တာလပေါ့ဟင်း
by -
ကေအိုင်စီ
မိုးများစွာရွာသွန်းတဲ့အချိန်ကာလပိုင်းတွေမှာ ရာသီအလိုက်ထွက်ပေါ်လာတာကတော့ လူကြိုက်များတဲ့မျှစ်ပဲဖြစ်ပါတယ်။ ၀ါးပင်ဖြစ်လာမဲ့မျှစ်ဟာ ၀ါးအမျိုးအစားပေါ်မူတည်ပြီး မျှစ်ရဲ့အရွယ်အစားနဲ့အရသာကလည်း ကွာခြားမှုရှိပါတယ်။ ဒီ“မျှစ်”ဆိုတဲ့ရာသီစာကို မြန်မာတိုင်းရင်းသားတွေက ပြုတ်စားလို့တမျိုး၊ကြော်စား၍တဖုံ၊ချက်လို့တစ်သွယ်နဲ့ပုံစံအမျိုးမျိုး ချက်ပြုတ်စားသောက်ကြပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေထဲမှာ မိမိတို့ ရိုးရာအစားအစာတွေရှိကြသလို ဒီအထဲမှာ ကရင်တိုင်းရင်းသားတွေကလည်း မျှစ်တာလပေါ့ကို ရိုးရာအစားအစာတစ်ခုအဖြစ် သတ်မှတ်စားသောက်ကြပါတယ်။ တိုင်းရင်းသားတွေထဲက မျှစ်ကိုရိုးရာချက်နည်းအတိုင်း တာလပေါ့ဟင်းကို ခုံမင်နှစ်ခြိုက်စွာစားသောက်ကြပြီး ဒေသထမင်းဆိုင်တွေမှာလည်း မျှစ်တာလပေါ့ဟင်းဟာ စားသုံးသူများအတွက် အထူးဟင်းလျာအဖြစ်စျေးကွက်ဝင်လာပါတယ်။

မျှစ်တွေထဲက ၀ါးဘိုးမျှစ်ကို ကရင်တိုင်းရင်းသားတွေက ပိုကြိုက်နှစ်သက်ကြသလို ၀ါးဘိုးမျှစ်ဟာ အခြားမျှစ်တွေထက် ပိုချိုတဲ့အရသာရှိတာကိုလည်း သုံးဆောင်သူတိုင်းက လက်ခံကြပါတယ်။ တာလပေါ့ချက်တာတောင်မှ ကရင်ဒေသတခုနဲ့ တခုမတူညီကြပြန်ပါဘူး။ ပျစ်နေအောင်ချက်စားတဲ့ဒေသရှိသလို အရည်သောက်လို့ရအောင် ချက်စားတတ်တဲ့ ဒေသတွေလည်းရှိကြပါတယ်။ ဒီတော့ ကရင်ပြည်နယ်၊ဖားအံမြို့ဘက်က ချက်စားလေ့ရှိတဲ့ ကရင့်ရိုးရာမျှစ်တာလပေါ့ ချက်ပြုတ်ပုံလေးကို မြည်းစွမ်းနိင်အောင် တင်ပြပေးပါမယ်။

KIC 171

ကရင်တိုင်းရင်းသားလူမျိုးတွေဟာ သူတို့ရဲ့ရိုးရာအစားအစာတွေကို စားသုံးဆီမပါဘဲ ချက်ပြုတ်စားသောက်လေ့ရှိပါတယ်။ ဒါဟာကျန်းမာရေးနဲ့လည်း ကိုက်ညီမှုရှိသလို တာလပေါ့ဟင်းထဲမှာ ထည့်ခတ်တဲ့ဟင်းချက်လေးတွေကလည်း နနွင်းမှုန့်ပါ၀င်တာကလွဲရင် အရောင်အဆင်းမထယ်ဝါပေမဲ့ စားသုံးသူတွေအတွက်သင့်လျော်တဲ့ အာဟာရဖြစ်စေပါတယ်။

၀ါးရုံအောက်ခြေကနေ ခုတ်ယူလာတဲ့မျှစ်ကို အခွံသင်ပြီး ချက်ချင်းသို့မဟုတ် တစ်ရက်အတွင်းမှာပြုတ်စား၊ချက်စားခြင်းဖြင့် သူ့ရဲ့သဘာဝအရသာကို မြိန်ယှက်စွာခံစားနိုင်ပါတယ်။ ဒီလိုအခွံခွာထားတဲ့မျှစ်ကို ခပ်လွှာလွှာလေးဓားနဲ့လွှာပြီး ရေဆေးထားပါ။ တစ်ဆက်တည်းမှာ ကြက်သွန်ဖြူ ၊ငြုပ်ကောင်းကို နနွင်းအနည်းငယ်ထည့်ပြီး ရောထောင်းထားပါ။ ပြီးရင်မိမိချက်မဲ့ဟင်းပမာဏနဲ့ သင့်လျော်မဲ့အတိုင်းအတာလေးလောက် ငါးငပိခပ်ရွယ်ရွယ်လေးကို ပန်းကန်လုံးထဲမှာ ငပိရိုးအနည်ကျအောင် ရေနွေးနဲ့ဖျော်ထားပါ။ အလားတူပြင်ဆင်ထားရမှာက တာလပေါ့ဟင်းအတွက်အရေးကြီးတဲ့ ဆန်လှော်ထောင်းသို့မဟုတ် ဆုံထဲထည့်ထောင်းထားတဲ့ ဆန်မှုန့်ပဲဖြစ်ပါတယ်။

မျှစ်နဲ့ရောချက်ဖို့ အကောင်းဆုံးကတော့ ရေချိုငါးဖြစ်တဲ့ ငါးခူ၊ငါးရံ့ကင်ပဲဖြစ်ပါတယ်။ စောစောကရေဆေးထားတဲ့ မျှစ်အလွှာလေးတွေကို အိုးထဲထည့်ပြီး ငါးကင်တစ်ကောင်ကို သုံးလေးပိုင်းလောက်ဖဲ့ထည့်လိုက်ပါ။ ပြီးရင်ကြက်သွန်ဖြူ၊ငြုပ်ကောင်း၊နနွင်းမှုန့်၊ဆားအနည်းငယ် ထောင်းထားတာနဲ့ ဆုံဆေးတဲ့အရည်လေးအပြင် ရေနွေးနဲ့ဖျော်ထားတဲ့ ငါးငပိအရည်ကိုပါထည့်ပြီး နောက်ဟင်းအိုးကိုအဖုံးဖုံးလျက်နဲ့ မီးဖိုပေါ်တင်လိုက်ပါ။

၅မိနစ်ခန့်အကြာ ဟင်းအိုးဟာဆူပွက်လာမှာဖြစ်ပေမဲ့ ဇွန်းနဲ့မမွှေသေးဘဲ အဖုံးကိုလှပ်ကြည့်တဲ့အခါ ရေခမ်းလုနီးနီးဖြစ်မှသာ အိုးထဲကမျှစ်ဟင်းဖတ်တွေကို မွှေနိုင်ပါတယ်။ ဒါကလည်း သဘာဝအတိုင်းပါ၀င်နေတဲ့ မျှစ်ရဲ့ခါးသက်သက်အရသာလေး လျော့ပါးပြီး အချိုဓာတ်လေးသာပိုကဲစေတာမို့ပါ။ ရေခမ်းလုနီးနီးဆို နောက်ထပ်ရေကို များများလေးထည့်ပြီး အနည်းငယ်ထပ်ဆူပွက်လာရင် ထောင်းထားတဲ့ဆန်ထောင်းမှုန့်ကို မွအောင်ချေပြီး ဖြန့်ထည့်ပါ။ တဆက်တည်းမှာ ဆန်မှုန့်မလုံးခဲရလေအောင် မွှေပေးရပါမယ်။

ဆန်ထောင်းမှုန့် အဆံအောင်တဲ့ အထိဆူပွက်နေချိန်မှာ ထပ်လိုအပ်အုံးမဲ့ဆား၊ အချိုမှုန့်အနည်းငယ်လေးကို ထပ်ဖြည့်စွက်ရပါတယ်။ အချိုမှုန့် မစားတဲ့သူဆိုရင် ငါးရဲ့အရသာရယ် လတ်ဆတ်တဲ့မျှစ်ကြောင့် သဘာဝအရသာအတိုင်းလည်း ချက်ပြုတ်နိုင်ပါတယ်။ မျှစ်တာလပေါ့ဟင်းဟာ အဖတ်နဲ့အရည်အနေတော်ကျန်တဲ့အခါ မီးဖိုပေါ်က ဟင်းအိုးကိုချလိုက်ပြီး ရေဆေးဖဲ့ခြွေထားတဲ့ ပင်စိမ်းရွက်ကို ဟင်းပေါ်ကနေအုပ်ပေးပြီး အိုးအဖုံးကိုလှပ်ထားခြင်းဖြင့် မြိန်ယှက်ဖွယ်ကောင်းပြီး ပင်စိမ်းရွက်အနံ့မွှေးနေတဲ့ ကရင်ရိုးရာမျှစ်တာ လပေါ့ဟင်းတစ်အိုးကို ချက်ပြုုတ်ပြီးလို့ စားသုံးနိုင်ပြီဖြစ်ပါတယ်။

အချို့အသီးအရွက်ကြိုက်တတ်သူများကလည်း မျှစ်တာလပေါ့ဟင်းထဲကို မိမိတို့နှစ်သက်ရာရွှေဖရုံညွှန့်၊ ကောက်ကောက်ညွှန့်၊ ဆူးပုပ်ရွက်၊ ခဝဲသီး၊ ဓညင်းသီးစတဲ့အသီးအရွက်တွေကို ထည့်ချက်တတ်သလို ငါးကင်အစားခရုနှင့်လည်းချက်ပြုတ်စားသောက်နိုင်ကြောင်း မျှဝေပေးလိုက်ပါတယ်။

April 25, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့်နေရာများကို စစ်ကောင်စီတပ်က လေ...
April 25, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ မြဝတီမြို့စောင့်တပ်...
April 25, 2024
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်တွင် တိမ်းရှောင်လာသည့် မြဝတီဒေသခံစစ်ရှောင်များအားလုံးကို...
Photo: Cobra Column
April 25, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့်နေရာများကို စစ်ကောင်စီတပ်က လေ...