မွန်ပြည်သစ်ပါတီ (NMSP) ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှနှင့် တွေ့ဆုံခြင်း

မွန်ပြည်သစ်ပါတီ (NMSP) ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှနှင့် တွေ့ဆုံခြင်း
by -
မင်းသက်ဝေ
မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှ (Photo: Thanlwin Times)
မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှ (Photo: Thanlwin Times)

“ ကျွန်တော်တို့မွန်ပြည်သစ်ပါတီက အားလုံးပါဝင်မှ ထိုးမယ်လို့ အရင်ကခံယူခဲ့ပေမယ့်လည်း တခြားအဖွဲ့တွေက NCA လမ်းကြောင်းကို မလိုက်တော့ဘူး။ တခြားလမ်းကြောင်းသစ်နဲ့ပဲ ငြိ်မ်းချမ်းရေးစကားဝိုင်းကိုဝင်မယ်ဆိုတဲ့အနေအထားရောက်တော့ ကျွန်တော်တို့ရဲ့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးကို ဝင်မယ်ဆိုတဲ့အနေအထားက အတူတကွသွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။မဖြစ်နိုင်တဲ့အနေအထားကို ရောက်လာတော့ ကျွန်တော်တို့လည်း အားလုံးပါဝင်ရေး မူကို လက်လွှတ်လိုက်ရတယ်။အဲ့ဒီသဘောပါ “

မွန်ပြည်သစ်ပါတီ(NMSP)အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးရန် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့်အတူ နိုင်ငံတော်အဆင့် တရားဝင်ကြေညာခဲ့ပြီး လာမည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မွန်ပြည်သစ်ပါတီ(NMSP)က NCA ကို လက်မှတ်ရေးထိုးတော့မည်ဖြစ်သည်။

အားလုံးပါဝင်နိုင်ရေးကို ဖော်ဆောင်နိုင်မှ အဆိုပါစာချုပ်ကို လက်မှတ်ထိုးရန် ယခင်က ဆုံးဖြတ်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင်တချို့ လက်မှတ်ထိုးရန် ကျန်ရှိနေသော်လည်း မွန်ပြည်သစ်ပါတီက လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)အဖွဲ့နှင့်အတူ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာပါလဲ။မကြာမီကျင်းပတော့မည့် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွက် မွန်ပြည်သစ်ပါတီက ပြင်ဆင်နေမှုများနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှကို တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ မွန်ပြည်သစ်ပါတီက NCA စာချုပ်မှာ လက်မှတ်ထိုးတော့မယ်ဆိုတော့ UNFC က တောင်းဆိုထားတဲ့အချက်တွေ ရသွားလို့လားခင်ဗျ။

ဖြေ။ ။UNFC က ဖွဲ့ထားတဲ့ DPN အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် (PC) နဲ့ ဆွေးနွေးညှိနှို်င်းနေကြတယ်။ UNFC တပ်ပေါင်းစုက အဆိုပြုထားတဲ့အချက် (၈) ချက်ပေါ့လေ။အဲ့လိုဆွေးနွေးတဲ့အပေါ်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ အဌမအကြိမ်အထိဆွေးနွေးလာခဲ့တဲ့ ရလာဒ်တွေက ကျွန်တော်တို့လက်ခံနိုင်တဲ့အနေအထားတစ်ခုဖြစ်တဲ့ နှစ်ဖက်ညှိလို့ရတဲ့အပေါ်မှာ လက်ခံထားတဲ့အနေအထားရှိတယ်။

မေး။ ။ အရင်တုန်းက ဆရာတို့ဆွေးနွေးတာ ဘယ်အချက်တွေက အခြေအတင်ဖြစ်ခဲ့တာလဲ။ အခု အဲ့ဒီအခြေအတင်ဖြစ်တဲ့အချက်တွေက အဆင်ပြေသွားလို့လား။

ဖြေ။ ။ ကျွန်တော်တို့ အဆိုပြုထားတဲ့ (၈) ချက်ပေါ်မှာ နှစ်ဖက်ညှိနှိုင်းပြီးတော့ လက်ခံနိုင်တဲ့အနေအထားကို ရောက်သွားတာပေါ့။တပ်ပေါင်းစု(UNFC) အနေနဲ့တော့မဟုတ်ဘူး။ကျွန်တော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ပါ။

မေး ။ ။ အရင်တုန်းက မွန်ပြည်သစ်ပါတီက All inclusive (အားလုံးပါဝင်မှု) ဖြစ်မှ NCA ကိုလက်မှတ်ထိုးမယ်လို့ ပြောထားတာတွေရှိတယ်။ အခုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ UNFC အဖွဲ့ဝင်တချို့ ကျန်ရှိနေပေမယ့် ဘာကြောင့် လက်မှတ်ထိုးဖို့ဆုံးဖြတ်ခဲ့တာလဲ။

ဖြေ။ ။ကျွန်တော်တို့က ၂၀၁၅ မှာ အောက်တိုဘာ ၁၅ မှာ အစိုးရနဲ့ အဖွဲ့ ၈ ဖွဲ့ NCA ထိုးခဲ့တယ်။ကျန်တဲ့အဖွဲ့တွေမထိုးဖြစ်ခဲ့ဘူး။ကျန်တဲ့အဖွဲ့တွေထဲမှာ ကျွန်တော်တို့အဖွဲ့လည်းပါတာပေါ့။ပါရတဲ့အကြောင်းရင်းက ကျွန်တော်တို့က NCA ဆိုတဲ့အတိုင်း တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုတော့ တစ်ပြည်လုံးက တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့တွေပါတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်မှ ပြည့်စုံမယ်လို့ခံယူပြီးတော့ အားလုံးပါဝင်မှထိုးမယ်ဆိုပြီးတော့ ကျွန်တော်တို့ ရပ်တည်လာခဲ့တယ်။အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ ၂၀၁၅ မှာ မထိုးဖြစ်ခဲ့ဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာ အခြေအနေကလည်း ပြောင်းလဲလာတယ်။ ကျွန်တော်တို့မွန်ပြည်သစ်ပါတီက အားလုံးပါဝင်မှ ထိုးမယ်လို့ အရင်ကခံယူခဲ့ပေမယ့်လည်း တခြားအဖွဲ့တွေက NCA လမ်းကြောင်းကို မလိုက်တော့ဘူး။ တခြားလမ်းကြောင်းသစ်နဲ့ပဲ ငြိ်မ်းချမ်းရေးစကားဝိုင်းကိုဝင်မယ်ဆိုတဲ့အနေအထားရောက်တော့ ကျွန်တော်တို့ရဲ့ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးကို ဝင်မယ်ဆိုတဲ့အနေအထားက အတူတကွသွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။မဖြစ်နိုင်တဲ့အနေအထားကို ရောက်လာတော့ ကျွန်တော်တို့လည်း အားလုံးပါဝင်ရေး မူကို လက်လွှတ်လိုက်ရတယ်။အဲ့ဒီသဘောပါ။

မေး။ ။ NCA လက်မှတ်ထိုးလိုက်ရင် နိုင်ငံရေးအာမခံချက်ရရှိမယ်လို့ရော ယုံကြည်ပါလားဆရာ။

ဖြေ။ ။အာမခံချက်ရတယ်၊ မရဘူးဆိုတာကတော့ ဆွေးနွေးပွဲရလာဒ်အပေါ်မှာ မူတည်မှာပေါ့နော်။အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို ဆွေးနွေးပွဲရလာဒ်နဲ့ အညီ ကျွန်တော်တို့တွေပုံဖော်ကြမယ်ဆိုတဲ့အပိုင်းပေါ့လေ။အဲ့ဒါက ဆွေးနွေးရင်းနဲ့ ပေါ်လွင်လာမှာပေါ့။

မေး။ ။ အရင်က NCA ကို လက်မခံပေမယ့် အခုလက်မှတ်ထိုးတော့မယ်ဆိုတော့ NCA ပေါ်မှာယုံကြည်သွားလို့လား။

ဖြေ။ ။ကျွန်တော်တို့က NCA ကို လက်မခံခဲ့တာမဟုတ်ဘူး။ဒီစာချုပ်ဖြစ်ပေါ်လာအောင် ကျွန်တော်တို့ခေါင်းဆောင်တွေလည်း ပါဝင်ပြီးတော့ ရေးသားချုပ်ဆိုတဲ့အထဲမှာ ပါတယ်လေ။ကျွန်တော်တို့ NCA ကို မထိုးဖြစ်ခဲ့တာက NCA စာချုပ်ကို လက်မှတ်မခံလို့မဟုတ်ဘူး။ အားလုံးမပါဝင်လို့ ဒီတစ်ချက်တည်းနဲ့ပါပဲ။ကျွန်တော်တို့ ၂၀၁၂ မှာ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ပြန်လုပ်တော့ ကျွန်တော်တို့ ရည်မှန်းချက်က အပစ်အခတ်ရပ်စဲရေးလုပ်ပြီးရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲသွားဖို့ပဲ။အဲ့လိုသွားဖို့ NCA လမ်းကြောင်းအတိုင်းသွားမယ်လို့ အတိအလင်းဆုံးဖြတ်ချချထားတယ်လေ။NCA ကိုလက်ခံခဲ့ပါတယ်။အားလုံးမပါဝင်ခဲ့လို့ မထိုးဖြစ်ခဲ့ဘူး။နောက်ပိုင်းမှာအားလုံးလည်း မပါဝင်နိုင်တော့ဘူး။ တခြားအဖွဲ့တွေလည်း NCA လမ်းကြောင်းမဟုတ်ဘဲနဲ့ တခြားလမ်းကြောင်း၊ တခြားနည်းနဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲကို ဝင်မယ်ဆိုတော့ ကျွန်တော်တို့က NCA နဲ့သွားမယ်ဆိုတော့ လမ်းကြောင်းက မတူတော့ဘူးလေ။ဟိုမှာကျမှပဲ ဆုံဖြစ်တော့မယ်။ အဲ့ဒါကြောင့် သူတို့ကို မစောင့်တော့ဘူး။ကျွန်တော်တို့အားလုံးပါဝင်ရေးကို လက်လွှတ်လိုက်ပြီးတော့ နိုင်ငံရေး ငြိမ်းချမ်းဆွေးနွေးပွဲဝင်နိုင်အောင် NCA ထိုးတာဖြစ်တယ်။

မေး။ ။ တလောက မွန်ပြည်သစ်ပါတီဝင် ၅ ဦးကို သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့အပေါ်မှာရော ဆရာဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ကျွန်တော်တို့ မွန်ပြည်သစ်ပါတီက ဥက္ကဌကြီးဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှို်င်တို့နဲ့တွေ့တဲ့အခါကျတော့ ကျွန်တော်တို့က NCA လမ်းကြောင်းအတို်င်း လက်မှတ်ထိုးပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းမယ်ဆိုတော့ ကျွန်တော်တို့မှာရှိနေတဲ့အခက်ခဲတွေကို တင်ပြတယ်။တင်ပြတဲ့အထဲမှာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာကို ပြန်လွှတ်ပေးဖို့ တင်ပြထားတာရှိတာ အဲ့ဒီအပေါ်မှာ သူတို့ဝိုင်းစဉ်းစားပေးပြီးတော့ ပြန်လွှတ်ပေးတာပါ။

မေး။ ။ မွန်အမျိုးသားနေ့တုန်းက မွန်ပြည်သစ်ဘက်က NCA က ပါတီရဲ့ ပန်းတိုင်မဟုတ်ဘူးလို့ ထုတ်ပြန်ထားတာတွေအပေါ်မှာ ရှင်းပြပေးပါဦးဆရာ။

ဖြေ။ ။ ကျွန်တော်တို့ ရည်ရွယ်ချက်က အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပါ။အဲ့ဒါကတော့ ဘယ်လူမျိုးမဆို ကိုယ်ပိုင်မွေးရာပါ အခွင့်အရေးပဲလေ။ကျွန်တော်တို့ မွန်ပြည်သစ်မှ မဟုတ်ပါဘူး။ မွန်တစ်မျိုးသားလုံးနဲ့လည်းဆိုင်တယ်။မွန်တစ်မျိုးလုံးကို ကိုယ်စားပြုတော့ အဲ့ဒီလို ခံယူထားတဲ့အကြောင်း ပြောနေတာဖြစ်ပါတယ်။တခြားလူမျိုးတိုင်းလည်း ဒီလိုပါပဲ။

မေး။ ။ လာမယ့် ပင်လုံတတိယ အစည်းအဝေးအတွက် ဘာတွေပြင်ဆင်နေတာတွေရှိမလဲ။ ဘာတွေ မျှော်လင့်ထားပါလဲ။

ဖြေ။ ။ကျွန်တော်တို့က NCA ထိုးမယ်လို့ နိုင်ငံတော်ကို ကြေညာထားတာလည်းရှိတယ်။တတိယအကြိမ်ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်းတက်နိိုင်ဖို့ ရည်မှန်းထားတယ်။ဒီကြားထဲမှာ တကယ်လို့ အချိန််မှီမယ်၊ အချိန်လောက်မယ်ဆိုရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို လုပ်ပြီးတော့ ညီလာခံမှာ တစ်မျိုးသားလုံးကို ကိုယ်စားပြုမယ့်အချက်တွေကို ကျွန်တော်တို့ တင်ပြဆွေးနွေးမှာပေ့ါ။

မေး။ ။ အရင်ကဆိုရင် မွန်အမျိုးသားနေ့ ကျင်းပဖို့ သိုဝှက်ပြီးတော့ကျင်းပရတယ်။ ဖမ်းတာဆီးတာတွေလည်း ရှိတယ်။ အခုကျတော့ နိုင်ငံတော်အကြီးအကဲတွေကပါ ဂုဏ်ပြုကြိုဆိုတဲ့အပေါ်မှာဆရာ့အမြင်လေးလည်း ပြောပြပေးပါဦး။

ဖြေ။ ။အရင်တုန်းကဆိုရင် မွန်အမျိုးသားနေ့ကျင်းပမယ်ဆိုရင် နိုင်ငံတော်ကို ပုန်ကန်မယ်လိုလို၊ အစိုးရကို ပုန်ကန်မယ်လိုလိုနဲ့ ဖမ်းမယ်၊ဆီးမယ်၊ထောင်ချမယ်၊ကျွန်တော်တို့ အစဉ်တစိုက် ကြုံလာခဲ့ရတယ်။အခုကျတော့ နိုင်ငံတော် အစိုးရက အသိအမှတ်ပြုတယ်၊ အထောက်အပံံ့ပြုတယ်ဆိုတော့ အားရဝမ်းသာပါတယ်။

မေး။ ။ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဆရာဘယ်လိုသုံးသပ်ပါလဲ။

ဖြေ။ ။ ကျွန်တော်တို့အမျိုးသားရေးဘက်ကပြောမယ်။ကျွန်တော်တို့ အမျိုးသားစာပေသင်ကြားရေးမှာ အသိအမှတ်ပြုလာတာတော့ရှိတာပေါ့လေ။ဒါပေမယ့် မလုံလောက်သေးဘူး။တကယ်တမ်းပြောရမယ်ဆိုရင် ဟိုးလွန်ခဲ့တဲ့ ဖဆပလ အဆင့်လောက်မရောက်သေးဘူး။ဖဆပလ ခေတ်တုန်းကဆိုရင် မွန်စာပေ ယဉ်ကျေးမှု ပြပွဲ၊ပြိုင်ပွဲတွေ နောက်ပြီး အစိုးရမူလတန်းကျောင်းမှာ မွန်စာပေကို ကျောင်းချိန်အတွင်းမှာ သင်ခွင့်ပြုခဲ့တယ်။ ၇ တန်းအထိပေါ့့လေ။ပြဌာန်းစာအုပ်နဲ့ သင်လာခဲ့တာတွေရှိတယ်။အဲ့ဒီအဆင့်လောက်တော့ မရောက်သေးဘူး။ကျွန်တော်တို့ ဖြစ်စေချင်တာက ကျွန်တော်တို့မွန်စာပေ မတိမ်ကော၊ မပပျောက်အောင် အစိုးရကျောင်းထဲမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ပေးဖို့၊ မွန်စာ သီးသန့်သင်ပေးနိုင်တဲ့ဆရာတွေကို ဆရာဖြစ်ကောလိပ်မှာ ခွဲတန်းနဲ့ မွေးထုတ်ပေးဖို့ပါ။

မေး။ ။ မွန်အမျိုးသားနေ့ကိုလည်း ရုံးပိတ်ရက်သတ်မှတ်ပေးဖို့ ဆရာတို့ တောင်းဆိုတာတွေလည်း ရှိတယ်နော်။

ဖြေ။ ။ မွန်အမျိုးသားနေ့ကို ကျွန်တော်တို့ အမျိုးသားတွေက ပြောနေကြ၊ဆိုနေကြတာများတယ်။ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်ဖို့လေ။ ကျွန်တော်တို့အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ရင် ဆွေးနွေးရမယ့်အချက်တွေ၊တင်ပြရမယ့်အချက်တွေထဲမှာ ပါလာမှာပဲ။

မေး။ ။ အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်ဆရာ။

ဖြေ။ ။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

 

Most read this week

May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...
May 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ...
May 16, 2024
နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့...
May 15, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ် စဉ် ၂ သင်...