ကချင် ဒုက္ခသည်စခန်း အတွက် WFP ၏ စားနပ်ရိက္ခာဆန်ကို စစ်တပ်မှ ဟန့်တား

ကချင် ဒုက္ခသည်စခန်း အတွက် WFP ၏ စားနပ်ရိက္ခာဆန်ကို စစ်တပ်မှ ဟန့်တား
by -
ကေအဲန်ဂျီ
ကချင် ပြည်နယ် မံဝင်း ဒုက္ခသည် စခန်းအတွက် သယ်ဆောင်လာသော ကမ္ဘာ့ ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP ၏ တစ်လစာ ဆန် ကို မြန်မာအစိုးရတပ်မှ ဖြတ်သန်းခွင့် မပြု ဟန့်တား ထားသောကြောင့် ဒုက္ခသည်များ ရိက္ခာ ပြတ်လပ် နေကြောင်း သိရသည်။

 မူဆယ်-နမ့်ခမ်းလမ်းမှ မံဝင်း ဒုက္ခသည်စခန်းသို့ သယ်လာသော World Food Program, WFP အဖွဲ့၏ ဆန်၊ ဆီနှင့် ပဲ များ တင်ဆောင်ထားသော ကားကြီး (၄)စီး ကို အစိုးရတပ် က နမ့်ခမ်းမြို့မှ လုံးဝ ဖြတ်သွားခွင့် မပြုဘဲ ဟန့်တား ထားခြင်း ဖြစ်သည်။

WFP မှ တစ်လ တစ်ကြိမ် ပေးသော ဆန် မရရှိသဖြင့် ဒုက္ခသည် လူဦးရေ ၃၀၀၀ ကျော်ရှိ မံဝင်း ဒုက္ခသည်စခန်း တွင် ယခုချိန် ‘ဆန်ပြုတ် ချက်စားရန်ပင် ဆန် မရှိ’ အခြေအနေ ရောက်နေသည်ဟု ဒုက္ခသည် ကယ်ဆယ်ရေး လုပ်နေသော ဒေသခံ ခရစ်ယာန် အသင်းတော် ဆရာ တဦး ပြောပါသည်။

မံဝင်း ဒုက္ခသည် စခန်း (၄)ခုမှာ ကချင် နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC) မှ တာဝန်ယူ ကြည့်ရှုနေသော စခန်း (၂)ခု (KBC-1 နှင့် KBC-2) နှင့် ရိုမန် ကက် သလစ် အသင်းတော် (RCM) မှ တာဝန်ယူ ကြည့်ရှုနေသော စခန်း (၂)ခု (RCM-1 နှင့် RCM-2) တို့ ဖြစ်ကြသည်။
 ထို့အပြင် ကျေးရွာအတွင်း နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် ခိုလှူံနေကြသော ဒုက္ခသည်များလည်း အများအပြား ရှိနေပါသည်။

ယခုချိန်ထိ ဆန်များကို နမ့်ခမ်းမြို့ ဂိုဒေါင်တွင် သိမ်းထားဆဲဖြစ်ပြီး ယနေ့ဆိုလျှင် ရက်ပေါင်း ၂၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း ဒုက္ခသည်များကို အကူညီပေးနေသည့် အထက် အသင်းတော် ဆရာက ဆိုပါသည်။

မြန်မာစစ်တပ် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး တို့ နှစ်ဦး၏ ပူးပေါင်း ညွှန်ကြားချက်အရ ယခုလို မံဝင်း ဒုက္ခသည်စခန်းအတွက် WFP စားနပ်ရိက္ခာကို ဟန့်တားခြင်း ဖြစ်ကြောင်း ဒုက္ခသည် အကူညီအဖွဲ့များ ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

ထို့အပြင် WFP ဆန်နှင့် ပတ်သက်ပြီးလည်း “ဒီဆန်ဟာ လက်နက်ကိုင် အဖွဲ့တွေကို ကူညီပေးတဲ့ ဆန် ဖြစ်တယ်။ မံဝင်း ဒုက္ခသည်တွေ ဆန် မလိုတော့ဘူး။ ဒုက္ခသည်တွေလည်း မရှိတော့ဘူး” စသည့် စစ်တပ် စခန်းများမှ မမှန်မကန် ပြောဆိုသံများကို ကြားနေရကြောင်း သိရသည်။

အလားတူပဲ သြဂုတ် ၂၅ ရက်မှာလည်း ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC ကား တစ်စီးဖြင့် တရုတ်နယ်စပ် ကချင် ဒုက္ခသည် စခန်း (၄)ခု အတွက် သယ်ဆောင်လာသော လူသားချင်းစာနာကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UN-OCHA ဆေးဝါး အကူညီများ ကို မြစ်ကြီးနား-လွယ်ဂျယ် လမ်းမပေါ် Sinlum (စိန်လုံ) စခန်းတွင် အစိုးရတပ်က လုံးဝ ဖြတ်သန်းခွင့် မပြုဘဲ ဆေးဝါး အချို့ကိုပါ သိမ်းယူခဲ့သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...