UNFC အဖွဲ့ဝင်၂ ဖွဲ့ NCA လက်မှတ်ထိုးမည်၊ ညှိနှိုင်းနေဆဲ KNPP လက်မှတ်မထိုးနိုင်သေး

UNFC အဖွဲ့ဝင်၂ ဖွဲ့ NCA လက်မှတ်ထိုးမည်၊ ညှိနှိုင်းနေဆဲ KNPP လက်မှတ်မထိုးနိုင်သေး

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ ဖြစ်ကြသော မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီတို့ မကြာခင် NCA လက်မှတ်ရေးထိုးမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် လက်တလော၌ လက်မှတ်ထိုးနိုင်သေးမည်မဟုတ်ဟု KNPP ၏ အတွင်းရေးမှူး(၂) ခူးဒယ်နီယာယ်က ကန္တာရဝတီတိုင်း(မ်)သို့ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်နေ့) ပြောကြားလိုက်သည်။

မူဘောင်အတွင်း ဆွေးနွေးမှုအားလုံး သဘောတူညီချက် ရရှိခြင်းမရှိသေးသဖြင့် NCA လက်မှတ်ရေးထိုးနိုင်ရေး အဖွဲ့အတွင်း ပြန်လည်ဆွေးနွေးနေဆဲ အဆင့်မှာပင်ရှိနေပြီး အချိန်ကာလတစ်ခုအထိ ကြာမြင့်နိုင်အုန်းမည်ဟု ၎င်းက ပြောသည်။

“ထိုးမယ်လို့တော့ ပြောနေကြတယ် ဒါပေမယ့် ထိုးတော့မထိုးသေးပါဘူး ဘယ်အချိန် ထိုးမလဲဆိုတာတော့ မသိဘူး တကယ်လို့ ထိုးရင်လည်း ဒီနှစ်တော့ မပါနို်င်သေးဘူး ဆွေးနွေးဦးမှာပေါ့ ဆွေးနွေးနေတဲ့ ကာလပဲ ရှိသေးတာပေါ့”ဟု ခူဒယ်နီယာယ်က ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၂၀ ရက်က လွိုင်ကော် ၇ မိုင် ယာယီဂိတ်တွင် တပ်မတော်ကြောင့် KNPP တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည့်ဖြစ်စဉ်ကြောင့်လည်း ငြိမ်းချမ်းရေးလမ်းကြောင်းအပေါ် KNPP ၏ ယုံကြည်မှုကို ကျဆင်းစေခဲ့သည့် အချက်တစ်ချက်ဖြစ်နေသည်ဟု ခူဒယ်နီယာယ်က ပြောသည်။

သို့သော် နိုင်ငံရေးလမ်းကြောင်းအား ဆွေးနွေးညှိနှိုင်းနေသည့် လက်ရှိအခြေအနေအတိုင်း ငြိမ်းချမ်းရေးကိစ္စရပ်များကို ရှေ့ဆက်တိုးပြီး လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။

“လက်မှတ်ထိုးဖို့ ဆွေးနွေးနေတုန်းမှာ သူတို့က အဲ့လိုလုပ်လိုက်တော့ ယုံကြည်မှုက ကျသွားတာပေါ့ ယုံကြည်မှုက ဘယ်လိုမှ မရှိနိုင်သေးဘူးလေ ဒီအမှုပေါ်မှာ ဘယ်လိုအခြေအနေမျိုးရှိမလဲ အားရကျေနပ်တဲ့ အဆင့်ဖြစ်လာရင်တော့ ဒါကတော့ စဉ်းစားရမှာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါ သေဆုံးမှု၏ စုံစမ်းစစ်ဆေးမှုအပေါ် KNPP မှ စောင့်ကြည့်နေလျက်ရှိကာ အားလုံးပါဝင်သော ခုံရုံးဖွဲ့စည်ပြီး မျှတသော တရားစီရင်မှုအခြေအနေပေါ်အခြေခံပြီး ရှေ့ဆက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

UNFC နှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ ထပ်မံပြုလုပ်သွားပြီးမှသာ NCA ထိုးရေး၊ မထိုးရေးကို အချိန်ကာလတစ်ခုတွင် ဆုံးဖြတ်ချက်ချနိုင်လိမ့်မည်ဟု ခူဒယ်နီယာယ်က ပြောသည်။

အစိုးရနှင့် UNFC တို့၏ ဆွေးနွေးမှုများတွင် အချက် ၁ ချက် သဘောတူရန် ကျန်ရှိနေခြင်းဖြစ်သည်။

UNFC အဖွဲ့ဝင် ၄ ဖွဲ့ အနက် ၂ ဖွဲ့က မကြာခင် လက်မှတ်ထိုးလိုက်မည်ဆိုပါက လက်ရှိကျန်ရှိ KNPP နှင့် ရခိုင်အမျိုးသားကောင်စီတို့ အခြားအပစ်မရပ်မြောက်ပိုင်းအဖွဲ့နှင့် ပူးပေါင်းသွားမလားဆိုသည့် အချက်ကိုမူ မသိရှိရသေးပေ။

KNPP သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်ကာညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်လည်းဖြစ်သည်။

တပ်မတော်အစိုးရနှင့် ကေအဲန်ပီပီသည် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင် UNFC နှင့်အတူ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနေဆဲ အခြေအနေမှာပင်ရှိနေသည်။

ယခင်က UNFC အဖွဲ့ဝင်အားလုံး သဘောတူမှသာ လက်မှတ်ရေးထိုးမည်ဟု ဆိုထားသော်လည်း တစ်ဖွဲ့ချင်း၏ ဆုံးဖြတ်ချက်ကြောင့် အားလုံးလက်မှတ်ထိုးနိုင်ရေး ဖြစ်လာတော့မည် မဟုတ်ပေ။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...