လိုင်ဇာ ဘက် ချဉ်းကပ် လာသော အစိုးရတပ် ကို KIA မိုင်းဖြင့် ခုခံ တိုက်ခိုက်

လိုင်ဇာ ဘက် ချဉ်းကပ် လာသော အစိုးရတပ် ကို KIA မိုင်းဖြင့် ခုခံ တိုက်ခိုက်
by -
ကေအဲန်ဂျီ
ယနေ့ နံနက်ပိုင်း လိုင်ဇာ ဗဟိုဌာနချုပ် မှ ဆယ်မိုင်အတွင်း စစ်ရေး လှုပ်ရှား ၀င်ရောက်လာသော အစိုးရတပ်ကို ကချင် လွတ်လပ်ရေး တပ်မတော် KIA က မိုင်းဖြင့် ခုခံ တိုက်ခိုက်ခဲ့သည်။

စစ်ရေး လှုပ်ရှား ၀င်ရောက်လာသော တပ်မတော် စစ်ကြောင်းကို Nam San Yang (နမ်ဆန်ယန်) ကျေးရွာ သင်္ချိုင်းကုန်းတွင် KIA တပ်မှ မိုင်းများဖြင့် ခုခံ တိုက်ခိုက်ခဲ့ကြောင်း လိုင်ဇာ ရှေ့တန်းမှ KIA အရာရှိ တဦး ကချင် သတင်း ဌာန KNG အတည်ပြု ပြောသည်။

ယခုလို KIA တပ်၏ ခုခံတိုက်ခိုက်မှုတွင် အစိုးရတပ်ဘက် သေဆုံး ထိခိုက်မှု ရှိကြောင်း သို့သော် အရည်အတွက် ကိုမူ မသိရသေးကြောင်း သူ က ဆက်ဆိုသည်။

Nam San Yang ကျေးရွာသည် ကချင် ပြည်နယ် အရှေ့ဘက် မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်၊ KIA လိုင်ဇာ ဗဟိုဌာနချုပ်၏ အနောက်မြောက်ဘက် ၁၀ မိုင်ခန့် အကွာမှာ တည်ရှိပါသည်။

၎င်း ကျေးရွာအနီး Gangdau Yang (ကန်တော်ယန်) ကျေးရွာ အနောက်ဘက် Seng Mai (ဆိုင်မိုင်) ရွာ ပတ်ဝန်းကျင်မှာ အစိုးရတပ်နှင့် KIA တပ်ဖွဲ့များ ယမန်နေ့ နေ့လည်ပိုင်းက အချိန်တို တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယင်း တိုက်ပွဲတွင် အစိုးရ စစ်သား ၄ ဦး သေဆုံးပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာ ရရှိသွားကြောင်း KIA ရှေ့တန်းသတင်းများမှ သိရသည်။

လွန်ခဲ့သည့် သုံးရက်မှ စပြီး တပ်မတော် စစ်ကြောင်းများသည် KIA လိုင်ဇာ ဗဟိုဌာနချုပ် နယ်မြေဘက်ကို ထူးထူးခြားခြား ‘စစ်ရေး လှုပ်ရှားမှုများနှင့် တပ်အပြောင်းအလဲ ပုံစံဖြင့် စစ်အင်အား တိုးချဲ့မှုများ’ ကို ယခင်ထက် ပို ပြုလုပ်နေကြောင်း အထက် က KIA အရှိ က ဆိုပါသည်။

အစိုးရ၏ ‘ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ’ ကို ပထမ အကြိမ် ကျင်းပ နိုင်ခဲ့သော်လည်း တိုင်းရင်းသား ဒေသများတွင် တပ်မတော် ထိုးစစ်များ တိုး၍ ပြုလုပ်လာခြင်းကြောင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် တိုက်ပွဲများ ကျသွားခြင်း မရှိဘဲ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...