ဒုတိယအကြိမ် လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်မည်

ဒုတိယအကြိမ် လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်မည်
by -
စဖန်းရှောင်း

ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲများကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောစာချုပ်-NCAကို လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များအပါအဝင် ကရင် အဖွဲ့ပေါင်း ၁၀ ဖွဲ့မှ လာမည့် ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ညှိနှိုင်းအစည်းအဝေးတစ်ခု ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ဖားအံမြို့ ခွဲကဘောင်မိုတယ်တွင် ပြုလုပ်ကျင်းပရန် စီစဉ်ထားသည့် အဆိုပါညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်ပြီး ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီ (KNDCC)မှ KNU-ကရင်အမျိုးသားအစည်းအရုံး တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ယခုလို ပြောသည်။

၎င်းက ̏အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ နောက်တစ်ကြိမ်ပြုလုပ်နိုင်ဖို့အတွက် လိုအပ်တာတွေ ကြိုတင်ပြင် ဆင်မှု အစည်းအဝေးပဲဖြစ်ပါတယ်။ ကော်မတီတွေပြန်ဖွဲ့တာတို့ ဆွေးနွေးရမယ့်အကြောင်းအရာတွေ အတည်ပြုဖို့အတွက်ပဲဖြစ်ပါ တယ်̋ ဟု ကေအိုင်စီသို့ ပြောသည်။

ယခုပြုလုပ်မည့် ညှိနှိုင်းအစည်းအဝေးမှာ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)အား ဒုတိယအကြိမ် ထပ်မံကျင်းပနိုင်ရေးအတွက်ဖြစ်ပြီး ဆွေးနွေးပွဲပြုလုပ်မည့် နေရာနှင့်အချိန်အပြင် ကဏ္ဍ ၅ ခုတွင် တာဝန်ယူဆွေးနွေးမည့် ခေါင်းဆောင်များ၊ လုပ်ငန်းအကူအညီပေးရေးအဖွဲ့များအား အသီးသီး တာဝန်ခွဲဝေပေးရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၎င်းညှိနှိုင်းအစည်းအဝေးတွင် ကရင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဦးဆောင်ကော်မတီ၊ ကရင်နိုင်ငံရေးပါတီ၊ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ-KUPC၊ ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်း၊ ကရင်လူငယ်၊ ကရင်အမျိုးသမီး၊ ဒေသအလိုက် ဦးဆောင်သူများ၊ ကရင်လက်နက်ကိုင် ၃ ဖွဲ့မှ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ၊ ကျွမ်းကျင်ပညာရှင်များ၊ ကျင်းပရေးကော်မတီနှင့် စီမံခန့်ခွဲရေးအဖွဲ့များပါဝင်မည်ဖြစ်သည်။

ထို့အပြင် ညှိနှိုင်းအစည်းအဝေးအစီအစဉ်ကျင်းပရေးကော်မတီ-KNDCC စုဖွဲ့မှုအား ဆွေးနွေးအတည်ပြုခြင်း၊ လက် ရှိနိုင်ငံ ရေးအခြေအနေနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်ကို ရှင်းလင်းတင်ပြခြင်းဆွေးနွေးပွဲကျင်းပပြုလုပ်ရေးနှင့်ဆိုင်သည့် UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ)အစည်းအဝေး၏ သဘောတူ ဆုံးဖြတ်ချက်များ၊ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာToR များ ပါဝင်မည်ဟု ကျင်းပရေးကော်မတီထံမှ သိရသည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ KNDCC အဖွဲ့ဝင်လည်းဖြစ်သည့်  စောကြည် လင်းက ̏တတိယအကြိမ်ပင်လုံက အခုကြားတာ ဇန်နဝါရီလနောက်ဆုံးပတ်လျာထားတယ်ကြားတယ်။ အရင် ဒုတိယအ ကြိမ်ပင်လုံတုန်းက ဒို့ဘက်က သေချာပြင်ဆင်ပြီး စာတင်တွေတင်ပြီးလုပ်ခဲ့တာ။ ရလာတဲ့ရလဒ်တွေကလည်း ဘာမှရေရာမ ရှိလို့အခု review တွေပြန်လုပ်နေရတာ။ ဒုတိယပင်လုံက ကိစ္စတွေလည်း မပြတ်သေးတော့ အခုတတိယ အကြိမ်မှာ ဒို့တွေက ဘာသွားဆွေးနွေးရမလဲဆိုတဲ့ အခြေအနေတောင်ဖြစ်နေပြီ̋ ဟု သုံးသပ်ပြောဆိုသည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို NCA စာချုပ် အပိုဒ်ခွဲ(ဂ)နှင့် (ဃ)နှင့် NCA အစည်းအဝေးဆုံးဖြတ်ချက်မှတ် တမ်း အမှတ်စဉ် ၁၇ အရ UPDJC မှ ချမှတ်ထားသည့် အခြေခံလမ်းညွှန်မှုများနှင့်အညီ လုပ်ငန်းကော်မတီများမှ ဦးဆောင် လမ်းညွှန်၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ နေပြည်တော်ကောင်စီစသည့်တို့မှ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ် ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စနစ်တကျကျင်းပသွားရမည်ဟု ဖော်ပြပါရှိသည်။

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(ကရင်)ကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ၃ ရက်တာ ကျင်းပခဲ့ပြီးဖြစ်သည်။

 

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...