ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော် တပ်စခန်းအတွင်း ပစ်ခတ်မှုဖြစ်ပွား လားဟူပြည်သူ့စစ် ၂ ဦးသေ

ရှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော် တပ်စခန်းအတွင်း ပစ်ခတ်မှုဖြစ်ပွား လားဟူပြည်သူ့စစ် ၂ ဦးသေ

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း တန့်ယန်းမြို့အတွင်း ပူးတွဲတပ်စခန်းချနေထိုင်သည့် အစိုးရတပ်မတော်က ဒေသခံ လားဟူပြည်သူစစ်နှင့် အခင်းဖြစ်ပွါးပစ်ခတ်တိုက်ခိုက်ကြရာ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်းသိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၄.၃၀ နာရီအချိန် တန့်ယန်းမြို့ တောင်ဘက် မိုင်းကောဝ် ခလရ ၃၃ လက်အောက်ခံ နမ့်တုမ်းအခြေစိုက်တပ်က စခန်းစောင့် လားဟူပြည်သူ့စစ်တပ်သား အား ပစ်ခတ်ခဲ့ကြောင်း၊ လားဟူပြည်သူ့စစ်တယောက်က ပြည်လည်ခုခံသည့်အတွက် တနာရီခန့် ပစ်ခတ်မှုဖြစ်ပွါးရာ အစိုးရတပ်ဘက် ၁ ယောက်သေဆုံးကာ တယောက်ဒဏ်ရာ ရရှိသည်ဟု နီးစပ်သည့် ဒေသခံများပြောပြချက်အရ သိရသည်။

“ဗမာစကားပြောတာမပီလဲ ဟာသလုပ်ပြီး သရော်တယ်။ စိတ်ဆိုးရင်လဲ အဖေ အမေ ကိုထိပြီး ဆဲတယ်။ သေနတ်ထိုးချိန်ပြီး ခြိမ်းခြောက်သလိုလိုနဲ့ တကယ်ပစ်တာ။ နှစ်ယောက်ကပွဲချင်းပြီး သေတယ်။ တယောက်က ခုခံပစ်ခတ်တော့ တနာရီလောက် ပစ်ခတ်သံကြားရတယ်” – ဟု တန့်ယန်းမြို့ပေါ်ရောက် လားဟူပြည်သူ့စစ် တဦးကပြောသည်။

နမ့်တုမ်းတပ်စခန်းတွင် စစ်သား ၁၁ ဦး ရှိသည့်အနက် ပြည်သူ့စစ် လားဟူအမျိုးသား ၃ ဦး၊ အစိုးရ တပ်မတော်သား ၈ ဦး ရှိသည်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် အစိုးရတပ်မတော်သား တဦးသေ တဦး ဒဏ်ရာရှိကြောင်း၊ သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ တန့်ယန်းသို့ ပို့ဆောင်ဆေးကု သည့် ဒဏ်ရာရ အစိုးရ တပ်မတော်သား တဦးလည်း သေဆုံးသွားကြောင်း ပြောသည်။

တဖက်တွင်လည်း အတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါပစ်ခတ်မှုဖြစ်ပွါးရခြင်းမှာ – စစ်ရေးတင်းမာနေသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အား တိုက်ခိုက်ရန် အစိုးရတပ်မတော်က လားဟူပြည်သူ့စစ်တပ်ဖွဲ့အား ဖိအားပေးရာ လားဟူပြည်သူ့စစ်က- သျှမ်းပြည်သား အချင်းချင်းမို့ မတိုက်လိုကြောင်း ငြင်းဆိုရာ တယောက်တခွန်း ပြောဆိုငြင်းခုံရာမှ ပစ်ခတ်မှုအဆင့်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကြားသိရသည်။

မိုင်းရှူးမြို့နယ် ပတ္တမြားတောင်ပေါ် နှင့် မိုင်းရယ်မြို့နယ်အတွင်းတို့တွင် အစိုးရတပ်မတော်မှ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် မှ ၂၀၁၈ ဇန်နဝါရီ ၁ ရက်နေ့ အထိ အင်အားသုံးတိုက်ခိုက်ကြောင်း၊ လက်ရှိတွင်လည်း စစ်ရေးတင်းမာလျှက်ရှိကြောင်းကြားသိရသည်။

တန့်ယန်းမြို့နယ်အတွင်း အစိုးရတပ်မတော် ၊ ရဲတပ်ဖွဲ့၊ ကာကွယ်ရေးရဲ အမည်ရ လားဟူပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိပါသည်။ မိုင်းကောဝ်၊ နမ့်တုမ်း တပ်စခန်းကဲ့သို့ တခြားတပ်စခန်း များတွင်လည်း လားဟူပြည်သူ့စစ်နှင့် အစိုးရ တပ်မတော် တို့ရှိသည်။

April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...