မြန်မာတပ်မတော်နှင့် KNPP ပဋိပက္ခကြောင့် KNPP တပ်သား ၄ ဦး သေဆုံး၊ အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲ

မြန်မာတပ်မတော်နှင့် KNPP ပဋိပက္ခကြောင့် KNPP တပ်သား ၄ ဦး သေဆုံး၊ အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲ
အခင်းဖြစ်ပွားခဲ့သော ရ မိုင် KNPP ကင်းစခန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ/ကန္တာရဝတီတိုင်း(မ်))
အခင်းဖြစ်ပွားခဲ့သော ရ မိုင် KNPP ကင်းစခန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ/ကန္တာရဝတီတိုင်း(မ်))

တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ၇ မိုင်ရှိ KNPP ကင်းစခန်းတာဝန်ကျ တပ်သား ၄ ဦး သေဆုံးခဲ့ကာ ယင်းစခန်းတွင်ရှိနေသော အရပ်သား ၁ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း KNPP ၏ အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ဒီဇင်ဘာ ၂၂ နေ့က ပြောကြားလိုက်သည်။

လွိုင်ကော်မြို့အထွက် ရှားတောသွားလမ်း ကေအဲန်ပီပီ၏ ကင်းစခန်းအား ဒီဇင်ဘာလ ၂၀ ရက်နေ့ ၈ နာရီဝန်းကျင်ခန့်က တပ်မတော်အင်အား ၆၀ ခန့်က လာရောက် ဝိုင်းဝန်းပိတ်ဆို့ရာက ကင်းစခန်းတာဝန်ကျ KNPP တပ်သား ၄ ဦးနှင့် အရပ်သား ၁ ဦးနှင့် အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ပီပီဆက်ဆံရေးရုံး(လွိုင်ကော်)က ဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ ကေအဲန်ပီပီ၏ တာဝန်ရှိသူများမှ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နှင့် ဆက်သွယ်ညှိနှိုင်းခဲ့ပြီးမှ ၇ မိုင် ကင်းစခန်းတာဝန်ကျ KNPP တပ်သား ၄ ဦး မည်သို့သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးသည့်အပြင် အရပ်သား ၁ ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။

ဒကစ၏ အဆိုအရ အခင်းဖြစ်ပွားပြီး KNPP တပ်သား ၄ ဦး သေဆုံးခဲ့ကာ ၎င်းတို့၏ ရုပ်အလောင်းအား တပ်မတော်မှ မီးသဂြိ င်္ုလ်လိုက်ကာ အရိုးအိုးများကို မိမိတို့အား ပြန်လည်ပေးအပ်ခဲ့သည်ဟု ခူဒယ်နီယာယ်က ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် အဆိုပါနေရာသို့ KNPP မှ သွားရောက်စစ်ဆေးခဲ့ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် လက္ခာဏာများ မတွေ့ရသည့်အပြင် မီးသဂြိ င်္ုလ်ထားသော အနေအထားများလည်း မတွေ့ရှိခဲ့ရကြောင်း အတွင်းရေးမှူး(၂) ခူဒယ်နီယာယ်က ပြောသည်။

“ကျနော်တို့ ခံစားရတာကတော့ မတရားဘူး။ တကယ်လို့ တိုက်ပွဲဖြစ်လို့ ကျတယ်ဆိုရင်တော့ တိုက်ပွဲဖြစ်ရင် အကျအဆုံးတော့ ရှိမှာပဲလေ။ စစ်တပ်မှာလည်း သူတို့ ဥပဒေရှိတာပဲ။ ဥပမာ ဘာမှ ခုခံမှုမလုပ်ဘဲနဲ့ လာတဲ့လူတစ်ယောက်ကို သူတို့ သတ်ပိုင်ခွင့်မရှိဘူး။ သူတို့ ဥပဒေကို သူတို့ ချိုးဖေါက်တာပဲလို့ ကျနော်မြင်တယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါအခင်းဖြစ်ပွားခဲ့သော ကင်းစခန်းနှင့် အနီးဆုံးနေရာရှိ ဈေးဆိုင်၏ ဆိုင်ရှင်ကို ကန္တာရဝတီတိုင်း(မ်)မှ သွားရောက်မေးမြန်းခဲ့ရာတွင်လည်း ဒီဇင်ဘာ ၁၉၊ ၂၀ ရက်နေ့အတွင်း ယင်းနေရာများ၌ တိုက်ခိုက်ပစ်ခတ်သံများ တစုံတရာမကြားမိကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါ KNPP တပ်သား ၄ ဦးသေဆုံးမှု နိုင်ငံရေးဖြင့် အကောင်းဆုံးပြေလည်နိုင်မည့်နည်းလမ်းဖြင့် အဖြေရှာမည်ဟု ခူဒယ်နီယာယ်က ဆက်ပြောသည်။ 

“ကျနော်တို့ အကောင်းဖက်သွားတဲ့ အစီအစဉ်ပဲ စီစဉ်ထားတယ်။ အစိုးရအပေါ်လည်း အများကြီးမူတည်ပါတယ်။ အစိုးရက ပြစ်မှုကျူးလွန်တဲ့သူကို ဘယ်လို အရေးယူဆောင်ရွက်မလဲပေါ့။ ဒါကတော့ ဥပဒေလမ်းကြောင်းအတိုင်းပဲ။”ဟု ခူဒယ်နီယာယ်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေသို့ ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယင်းကိစ္စအား တပ်အပ်မပြောနိုင်သေးကြောင်း၊ ပြည်နယ်အစိုးရမှ တစုံတရာသတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက ဖြေကြားသည်။

“တပ်မတော်နဲ့ ပြည်နယ်ဝန်ကြီးနဲ့ ကေအဲန်ပီပီနဲ့ သူတို့ဖာသာ ညှိနှိုင်းရှင်းလင်း တိုင်ပင်ဆွေးနွေးတိုင်ပင်ပြီးတော့ ပြည်နယ်တစ်ခုလုံးမှာ နဂိုမူလအတိုင်းပဲ သွားလာလုပ်ရှားရတဲ့ အဆင့်မှာပဲ ဒီအတိုင်းပဲရှိတယ်။”ဟု လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ပြောကြားသည်။

ယင်းကိစ္စမတိုင်ခင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရှားတောမြို့မှ ပြန်လာသော ဒကစ၏ ရိက္ခာယာဉ်များတွင် သစ်များသယ်ဆောင်သည်ဟု ဒေသခံများ သတင်းပေးချက်အရ အဆိုပါ ၇ မိုင်ဂိတ်မှ KNPP တပ်သားများမှ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး နောက်တစ်နေ့တွင် အဆိုပါ ကင်းစခန်းကို တပ်မတော်မှ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒကစ(လွိုင်ကော်)၏ တာဝန်ရှိသူအနက် တစ်ဦးဖြစ်သော ဗိုလ်မှူးမျိုးမင်းထံသို့ ကန္တာရဝတီတိုင်း(မ်)က ဖုန်းဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းတည့် ၂ နာရီက ၃ ကြိမ်တိတိ ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသည်။

အဆိုပါ ၇ မိုင် ကေအဲန်ပီပီ ကင်းစခန်းသည် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးနောက် တရားမဝင် သစ်တောထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို စစ်ဆေးမှုပြုလုပ်နေခြင်းဖြစ်သည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...