လွန်ခဲ့သည့် သြဂုတ်လ အတွင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ နတ်မြစ်ဝ ရှင်မဖြူကျွန်း နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တင်သွင်းခဲ့သော အိမ်မွေးတိရိစ္ဆာန် အရေအတွက်မှာ ၂၅၄၇ ကောင်ရှိခဲ့ပြီး ယင်းအထဲတွင် နွား ၁၁၆၀၊ ကျွဲ ၁၃၇၆ ကောင်၊ ဆိတ် ၁၁ ကောင်တို့ ဖြစ်ကြသည်ဟု နယ်စပ်ကုန်သွယ်ရေး အရာရှိများကို ကိုးကားပြီး သတင်းများတွင် ဖော်ပြသည်။
၂၀၁၅ ခုနှစ်က အစ္စလာမ် အိဒ်ပွဲတော် အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှ အိမ်မွေးတိရိစ္ဆာန် ကောင်ရေ ၂၇၇၇၃ အထိ တင်ပို့ ခဲ့သည်ဟု ဆိုသည်။
ယခုနှစ် စက်တင်ဘာလ ဒုတိယ အပတ်တွင် ကျရောက်မည့် အိဒ်ပွဲတော် မကျမီ နောက်ထပ် နွားကောင်ရေ ၁၅၀၀၀ ထိ တင်သွင်းရန် မျှော်မှန်းထားကြောင်း ဘင်္ဂလာဒေ့ရှ်ကုန်သည်များက ပြောသည်။
ယခု ဘင်္ဂလာဒေ့ရှ်သို့ ရခိုင်ပြည်နယ်ဘက်မှ ကျွဲနွားတင်ပို့မှုသည် တရားဝင်မဟုတ်ဘဲ နားလည်မှုဖြင့် တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အိဒ်ပွဲတော်အတွင်း နွားကောင်ရေ သန်းနှင့်ချီပြီး သတ်ဖြတ်ရာ ထိုလိုအပ်သော နွားများကို အိမ်နီးချင်း မြန်မာနှင့် အိန္ဒိယမှ တင်သွင်းကြသည်။
အိဒ်ပွဲတော်ကာလအတွင်း ဘင်္ဂလာဒေ့ရှ်တွင် နွားစျေးနှုန်းမှာ သာမန် အချိန်ခါထက် နှစ်ဆ သုံးဆ မြင့်တက်သွားသဖြင့် ရခိုင်ပြည်နယ်ဘက်မှ နွားများမှာ အထူး အဝယ်လိုက်ကာ ရေလမ်းကြောင်းမှ မော်တော်ဘုတ်များဖြင့်လည်းကောင်း၊ နယ်စပ်မှ နတ်မြစ်ကို ဖြတ်ကျော်၍လည်းကောင်း တင်ပို့ကြသည်။
ဒေသအတွင်းက စီးပွားရေး သမားများကမှု ရခိုင်ပြည်နယ်ဘက်မှ နွားများကို တရားဝင် တင်ပို့လိုသော်လည်း နှစ်နိုင်ငံအကြားတွင် သဘောတူညီမှု မရှိသဖြင့် တရားမဝင် တင်ပို့နေရ၍ နစ်နာမှုများ ရှိနေကြောင်း ပြောဆိုကြသည်။
လွန်ခဲ့သောနှစ် အိဒ်ပွဲတော်ကာလအတွင်း ဘင်္ဂလာဒေ့ရှ််တွင် သာမန် နွားထီးတစ်ကောင်၏ ရောင်းစျေးမှာ တာကာ ၄ သောင်းမှ ၅ သောင်းအထိ သာရှိသော်လည်း ယခုနှစ်တွင် ရခိုင်ဘက်မှ နွားအဝင် နည်းနေသဖြင့် တာကာ ၆ သောင်းထိ (မြန်မာကျပ်ငွေနှင့် ဆိုလျှင် ၉ သိန်း နီးပါးထိ) စျေးမြင့် တက်နေသည်ဟု သိရသည်။







