ကချင်ပြည်နယ် တနိုင်းဒေသ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် တနိုင်းဒေသ တိုက်ပွဲပြင်းထန်

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ကြား နိုဝင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် တနိုင်းမြို့ နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု KIA က ပြောသည်။
 

“နည်းနည်းတော့ ပြင်းထန်တယ်လို့တော့ ပြောလို့ရပါတယ်။ မြေပြင်တိုက်ပွဲလည်းဖြစ်တယ်။ လက်နက်ကြီး နဲ့လည်း ထုပစ်တယ်ဆိုတော့ ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။”  ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ တပ်ရင်း ၁၄ ဧရိယာအတွင်းသို့ မြန်မာ့တပ်မတော်က ထိုးဖောက်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIO/KIA က ပြောသည်။

“တနေ့ကတော့ တနိုင်းမြို့ကနေ ဆယ်မိုင်ဝန်းကျင်လောက်ဝေးတဲ့ KIA တပ်ရင်း ၁၄ နယ်မြေမှာ ဖြစ်ပါတယ်။ အဲဒီနေ့ကတော့ တစ်နေကုန်လောက်ဖြစ်တာပေါ့ မနက် ၆ နာရီခွဲကနေ ညနေပိုင်းလောက်အထိ ဖြစ်တာ”  ဟုု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

မြန်မာ့တပ်မတော်က ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) နှင့် တနိုင်းမြို့နယ်အတွင်းတွင် တပ်အင်အား တိုးချဲ့ ထားခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု KIO/KIA က သုံးသပ်သည်။

“တပ်မဟာ ၂ နယ်မြေဖက်မှာကတော့ တပ်မတော်ဖက်ကတော့ နယ်မြေရှင်းလင်းရေး သူတို့ စစ်ဆင်ရေး လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ထားတာရှိတယ် ဆိုတော့ ဒီပွင့်လန်းရာသီမှာလည်း သူတို့က ဆက်ပြီးတော့ တိုက်ပွဲတွေကတော့ ရှိမယ်လို့ ကျနော်ယူဆပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် မြန်မာ့တပ်မတော်၏ တနိုင်းအခြေစိုက် စုပေါင်းတပ်များဖြင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  လောလောဆယ်တွင် မြန်မာ့တပ်မတော်မှ ပြန်လည်ဆုတ်ခွာသွားသည်ဟု KIO/KIA က ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ KIO/KIA  တပ်မဟာ ၂ တပ်ရင်း ၁၄ အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIO/KIA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ ဖက်တွင်လည်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တို့ကြား တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့ကစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာသည့်အတွက် တနိုင်းဒေသခံ ပြည်သူများအား လယ်တော၊ ပယင်းမှော်နှင့် ရွှေမှော်များသို့ မသွားရန် ရပ်ကွက်မှူးများ၊ ဆယ်အိမ်မှူးများက လိုက်လံကြေညာထားသည်။

April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...
ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
March 28, 2024
အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက်...