ကချင်ပြည်နယ် တနိုင်းဒေသ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် တနိုင်းဒေသ တိုက်ပွဲပြင်းထန်

ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာ့တပ်မတော်တို့ကြား နိုဝင်ဘာလ ၂၈ ရက်နေ့က ကချင်ပြည်နယ် တနိုင်းမြို့ နယ်အတွင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု KIA က ပြောသည်။
 

“နည်းနည်းတော့ ပြင်းထန်တယ်လို့တော့ ပြောလို့ရပါတယ်။ မြေပြင်တိုက်ပွဲလည်းဖြစ်တယ်။ လက်နက်ကြီး နဲ့လည်း ထုပစ်တယ်ဆိုတော့ ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။”  ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ တပ်ရင်း ၁၄ ဧရိယာအတွင်းသို့ မြန်မာ့တပ်မတော်က ထိုးဖောက်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIO/KIA က ပြောသည်။

“တနေ့ကတော့ တနိုင်းမြို့ကနေ ဆယ်မိုင်ဝန်းကျင်လောက်ဝေးတဲ့ KIA တပ်ရင်း ၁၄ နယ်မြေမှာ ဖြစ်ပါတယ်။ အဲဒီနေ့ကတော့ တစ်နေကုန်လောက်ဖြစ်တာပေါ့ မနက် ၆ နာရီခွဲကနေ ညနေပိုင်းလောက်အထိ ဖြစ်တာ”  ဟုု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

မြန်မာ့တပ်မတော်က ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) နှင့် တနိုင်းမြို့နယ်အတွင်းတွင် တပ်အင်အား တိုးချဲ့ ထားခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု KIO/KIA က သုံးသပ်သည်။

“တပ်မဟာ ၂ နယ်မြေဖက်မှာကတော့ တပ်မတော်ဖက်ကတော့ နယ်မြေရှင်းလင်းရေး သူတို့ စစ်ဆင်ရေး လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ထားတာရှိတယ် ဆိုတော့ ဒီပွင့်လန်းရာသီမှာလည်း သူတို့က ဆက်ပြီးတော့ တိုက်ပွဲတွေကတော့ ရှိမယ်လို့ ကျနော်ယူဆပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် မြန်မာ့တပ်မတော်၏ တနိုင်းအခြေစိုက် စုပေါင်းတပ်များဖြင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  လောလောဆယ်တွင် မြန်မာ့တပ်မတော်မှ ပြန်လည်ဆုတ်ခွာသွားသည်ဟု KIO/KIA က ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ KIO/KIA  တပ်မဟာ ၂ တပ်ရင်း ၁၄ အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIO/KIA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ ဖက်တွင်လည်း မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တို့ကြား တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ပွားလျက်ရှိသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့ကစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာသည့်အတွက် တနိုင်းဒေသခံ ပြည်သူများအား လယ်တော၊ ပယင်းမှော်နှင့် ရွှေမှော်များသို့ မသွားရန် ရပ်ကွက်မှူးများ၊ ဆယ်အိမ်မှူးများက လိုက်လံကြေညာထားသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...