မောင်တောနှင့် ဘူးသီးတောင်မှ တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော်ဖမ်းမိ

မောင်တောနှင့် ဘူးသီးတောင်မှ တစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော်ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော်အား နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက မဇ္စျိမ သို့ ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်၊  နံနက် ၆ နာရီခွဲခန့်တွင် ဟိုက်ဂျက် အမျိုးအစားယာဉ်တစ်စီးမှာ ဇူလရွာအနီး ရပ်တန့်ကာ မသင်္ကာဖွယ်အထုပ်များအား လမ်းဘေးတွင်ချပြီး ဇူလရွာ ဘက်မှ ရွာသား ၁၅ ဦး ခန့်က အဆိုပါ အထုပ်များအား လာရောက်သယ်ဆောင်၍ ဇူလရွာဘက်သို့ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရွာသားများက အထုပ်များအား လယ်ကွင်းထဲပစ်ချပြီး ထွက်ပြေးသွားခဲ့သဖြင့် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်း ဆီးခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်း ၁၉,၁၁ဝ တန်ဖိုးရှိ WY/R စာတမ်းပါ စိတ်ကြွ ဆေးပြား ၉၅၅,၅ဝဝ ပြားနှင့် အတူ  ဟိုက်ဂျက်ယာဉ်မောင်းဖြစ်သူ အသက် ၁၈ နှစ်အရွယ် မောင်ဝင်းတင်၊ ယာဉ်နောက်လိုက်ဖြစ်သူ အသက် ၁၆ နှစ်အရွယ် မောင်ကျော်ကျော်လင်းနှင့် အသက် ၁၉ နှစ်အရွယ် မောင်သိန်းဆိုသူတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“ သတင်းအရ သွားစောင့်တယ်။ စောင့်နေတဲ့အခါမှာ ကားပေါ်က အထုပ်တွေကို ချနေတာတွေ့တာပေါ့နော်။ လိုက်ဖမ်းတဲ့အခါမှာ အထုပ်ထမ်းတဲ့သူတွေက ပြေးသွားပြီးတော့မှ အခုဖမ်းမိတဲ့ တရားခံ ၃ ယောက်ကတော့ အခင်းဖြစ်တဲ့နေမှာပဲ မိတာပေါ့။ ကျွန်တော်တို့ကတော့ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ပိတ်ဆို့ရှာဖွေဖမ်းဆီးနေတာပေါ့ ။ ဒီနေရာတွေမှာလည်း သိတဲ့အတိုင်း လမ်းကြောင်းတွေကများတယ်။ ကုန်းလမ်းကြောင်းအပြင် ရေလမ်းကြောင်းကလည်း တော်တော်လေးကိုများတယ်။ ဧရာဝတီဘက်ကလည်း သွားလို့ရတယ်။ ရန်ကုန် ဘက်ကလည်း ဝင်လို့ရတယ်ဆိုတော့ မောင်တောကို ဘယ်လမ်းကသွားသွားရတယ်။ ဒီလောက်ပိတ်ဆို့ ဖမ်းဆီးနေတာတောင်မှ ခုလိုဖမ်းမိတာပေါ့”ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၂၉ ရက်၊ နံနက် ရ နာရီအချိန်တွင်လည်း ဘူးသီးတောင်မြို့၊ အနောက်ရပ်ကွက်၊ ဂန္ဓာရီ ပရ ဟိတဘုန်းကြီးကျောင်း ဝန်းအတွင်းရှိ ဓမ္မာရုံဟောင်းအနီးသို့ ကားတစ်စီးမှ ဆာလာအိတ် ၂ လုံးအား လာရောက်ချထားခဲ့ပြီး အဆိုပါ ဆာလာအိတ်များအတွင်းမှ ကာလတန်ဖိုး ကျပ်သိန်း ၆၃၂ဝ တန်ဖိုးရှိ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၃၁၆,ဝဝဝ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ  ဖမ်းဆီးရမိခဲ့သည့် ဆေးပြားများနှင့် ပတ်သက်ပြီး  ရဲတပ်ဖွဲ့မှ တရားခံများအား စုံးစမ်းရှာဖွေခဲ့ရာ ဘားအံမြို့ နေသူ အသက် ၄ဝ အရွယ် ခန့်အောင်ဆိုသူနှင့် လှိုင်သာယာမြို့နယ်နေသူ အသက် ၄၆ နှစ်အရွယ်  နေစိုးဦး ဆိုသူတို့ ၂ ဦးကို ပရိုဘောက်ယာဉ်နှင့်အတူ ဘူးသီးတောင်မြို့နယ်၊ မီးရထားဆိပ်ရပ်ကွက်၊ ဗိုလ်ချုပ် လမ်းမပေါ်တွင်ဖမ်းဆီးရမိခဲ့ ပြီး ရဲတပ်ဖွဲ့မှ ၎င်းတို့ ၂ ဦးကိုစစ်ဆေးခဲ့ရာ ၎င်းတို့ကိုယ်တိုင် ဆေးပြားများအား သယ်ဆောင်လာခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ဆေးပြားများနှင့်အတူဖမ်းဆီးရမိခဲ့သည့် ဟိုက်ဂျက်ယာဉ်မောင်းဖြစ်သူ အသက် ၁၈ နှစ် အရွယ် မောင်ဝင်းတင်ဆိုသူအပါအဝင် ၅ ဦးကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...