ဖိုးတခေတ်(ခေါ်) ကရင်ကိုယ်တော်လေးမွေးနေ့ သုံးရက်တိုင်ကျင်းပ

ဖိုးတခေတ်(ခေါ်) ကရင်ကိုယ်တော်လေးမွေးနေ့ သုံးရက်တိုင်ကျင်းပ

ကရင်လူမျိုးတို့၏ ရိုးရာဓလေ့များနှင့်အညီ နေထိုင်သူဟု လူသိများသည့်  ဖိုးတခေတ် ကရင်ကိုယ်တော်လေး၏  ၂၄ ကြိမ် မြောက် ကရင်ရိုးရာထမုဒ်ပူဇော်ပွဲနှင့် မွေးနေ့မင်္ဂလာပွဲ အခမ်းအနားကို ဖားအံမြို့နယ် အတွင်းရှိ ဂျိုင်းကျေးရွာအုပ်စု၊ ကရင်အမျိုးသားကျေးရွာ ရိုးမဟာကုန်းတွင် သုံးရက်တိုင်ကျင်းပခဲ့သည်ဟု သိရသည်။

အသက် ၄၁ နှစ်ရှိနေပြီဖြစ်သည့် ကရင်ကိုယ်တော်လေး(ဖိုးတခေတ်)၏ မွေးနေ့မင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး အဆိုပါ မွေးနေ့မင်္ဂလာအခမ်းအနားကို ရိုးရာထမုဒ်စင်ကို လှည့်လည်ပူ ဇော်ခြင်း၊ ဆရာတော် သံဃာတော်များအား လှူဖွယ်များ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ တရားနာယူခြင်း၊ စတုဒီသာ ကျွေးမွေးခြင်းများဖြင့် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ဖိုးတခေတ်၏ တပြည့်သာဝက တစ်ဦးဖြစ်သူ ဖူးမြတ်အောင်ခင်က “ အဖူး(အဘိုး)က အသက် ၁၈ နှစ်ကနေ အခု ဒီနေရာမှာ လာပြီး ကရင်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို ပြန်လည်ထိန်းသိမ်းပေးတယ်။ အဖွဲ့ဝင်တွေကိုလည်း ၅ ပါးသီလစောင့်ထိန်းအောင် ဆုံးမသွန်သင်ပေးတယ်။ အထူးအမြတ် ပုဂ္ဂိုလ်တစ် ဦးအဖြစ် ယုံကြည်ကိုးကွယ်တဲ့အတွက် လာရောက်တာဖြစ်ပါတယ်” ဟုပြောသည်။

မွေးနေ့ပွဲကျင်းပရာတွင် အနယ်နယ်အရပ်ရပ်မှ လှူဒါန်းသည့်ငွေများ၊ နိုင်ငံရပ်ခြားရောက်ရှိ နေကြသည့် ကရင် လူမျိုးတပည့်များ၏လှူဒါန်းငွေ၊ ဒေသတွင်းလှည့်လည်အလှူ ခံရရှိသည့်ငွေများ၊ ယုံကြည်သူများမှလှူဒါန်းသည့်ငွေများ၊ ရော်ဘာနှင့်ကောက်ပဲသီးနှံရောင်းရငွေများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ ခြင်းဖြစ်သည် ဟုလည်း သိရသည်။

ဖိုးတခေတ်အပါအဝင် ကရင်အမျိုးသားကျေးရွာတွင် နေထိုင်သူများအနေဖြင့် နေ့စဉ်ရိုးရာဝတ်စားဆင်ယင်မှု များဖြင့်သာ နေထိုင်သွားလာခြင်း၊ ရာသက်ပန်အရက်သေစာနှင့်မူးယစ်ဆေးဝါး သောက်သုံး၊ သုံးစွဲခြင်း မှရှောင်ကျဉ်ရခြင်းနှင့် သက်သတ်လွတ်စားသုံးရခြင်း ၊ ရိုးရာ အနုသုခုမနှင့် စာပေတို့ကို ထိန်းသိမ်းနေဆဲပင် ဖြစ်သည်။

ထို့အပြင် ဖိုးတခေတ်၏ ထူးခြားသည့် ပွဲတော်ကျင်းပမှု၊ ၀တ်စားဆင်ယင်မှုများအပေါ် အချို့ဝေဖန် ပြော ဆိုမှုများရှိနေသော်လည်း ၎င်းအားယုံကြည်သက်ဝင်သူများ တစ်နှစ်ထက်တစ်နှစ်များပြားလာသည့်အတွက် အဖွဲ့ဝင် ၆,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဖိုးတခေတ်၏ တပြည့်ဖြစ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကရင်အမျိုးသားကျေးရွာတွင် နေထိုင်သူ နန်းရှူးဘောက “ အဖူးကို ယုံကြည်သက်ဝင်လို့ အဖွဲ့ဝင်ကတ်တွေ လုပ်ပေးရတာ တစ်နှစ်ထက်တစ်နှစ်များလာတယ်။ အခုလိုပွဲမျိုးတွေမှာ အဖွဲ့ဝင်ကတ်တွေ အများအပြား လာလုပ်ကြတယ်။ ကျမတို့ မိန်းကလေးတွေဆိုရင် အရင် ကရင်မိန်းကလေးတွေ ၀တ်စားဆင်ယင်မှုတွေအပြင် ဆံပင်ထုံးဖွဲ့မှု ကအစ လိုက်နာကျင့် သုံးရတယ်။ အဝတ်အစားတွေကိုလည်း ကိုယ်တိုင်ယက်လုပ်ဝတ်ဆင်ကြရတယ်။ လူမျိုးရဲ့ရိုးရာယဉ်ကျေးမှုအတွက် အမှန်တကယ်လုပ်ပေး နေသူဖြစ်လို့ အများက လက်ခံယုံကြည် လာတာဖြစ်မယ်လို့ ယူဆတယ်” ဟုပြောသည်။

သုံးရက်တိုင်းကျင်းပခဲ့သည့် ဖူးတခေတ်မွေးနေ့ပွဲတွင် ရိုးရာလက်ဝှေ့ပွဲများ၊ ဘောလုံးပွဲများအပြင် ဇာတ်သဘင် ၅ ခုဖြင့် မွေးနေ့ပွဲလာပရိဿတ်များအား ဧည့်ခံဖျော်ဖြေမှုများပါ၀င်ပြီး ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်အတွင်းရှိ ၎င်းအား ယုံကြည်သက်ဝင်သူအများအပြားလာရောက်ခဲ့ကြသည်ဟု သိရသည်။

ဖိုးတခေတ်(ခေါ်) စောကျော်လှသန်းနေထိုင်သည့် အဆိုပါ ကရင်အမျိုးသားကျေးရွာတွင် ယခုအခါ စုပေါင်းနေထိုင်သူ အိမ်ထောင်စု ၂၀၀ ဝန်းကျင်ခန့်နှင့် လူဦးရေ စုစုပေါင်း ရ၀၀ကျော် နေထိုင်ကြပြီး ရော်ဘာခြံ စိုက်ပျိုးခြင်း၊ ဆန်စပါးနှင့် ရာသီပေါ် အသီးအနှံများ စိုက်ပျိုးကာ စုပေါင်းနေထိုင်ကြကြောင်း သိရသည်။

April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...
March 31, 2026
အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့်...
Photo: KNU
March 30, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေါနတောင်တန်း အရှေ့ဘက်ခြမ်း ဒေသများကို...