အိန္ဒိယ စစ်တပ်မှ မြန်မာဘက်မှ ခိုလုံရန် ဝင်ရောက်လာသူများ စာရင်းကောက်ယူ

အိန္ဒိယ စစ်တပ်မှ မြန်မာဘက်မှ ခိုလုံရန် ဝင်ရောက်လာသူများ စာရင်းကောက်ယူ

အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်ထဲသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ၏ စာရင်းအား အိန္ဒိယစစ်တပ်နှင့် အစိုးရတာဝန်ရှိသူများမှ ကောက်ယူနေကြောင်း သတင်းရရှိသည်။

“ သူတို့လာကောက်တုန်းက ၁၂၀၀ ကျော်ပါ။ မနေ့(နိုဝင်ဘာလ ၂၆) ကထိတော့ လူပေါင်း ၁၄၀၀ ကျော်သွားပါပြီ။ သူတို့က စာရင်းကောက်ယူတာကလွဲပြီး ဘာမှတော့ အနှောင့်အယှက်ပေးတာ မရှိပါဘူး။ ရိက္ခာတွေ ထောက်ပံ့ပေးမယ်လို့ ပြောပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးဖြစ်သည့် ခိုင်မင်းသိန်းက ပြောကြားသည်။

အိန္ဒိယနိုင်ငံထဲသို့ ခိုလုံရန် ထွက်ပြေးရောက်ရှိလာသူများအား တစ်ရွာနှင့် တစ်ရွာသို့ သွားလာပြောင်းရွှေ့ခွင့်ကို အိန္ဒိယ စစ်တပ်မှ ပိတ်ပင်ထားပြီး ရောက်ရှိသည့် ကျေးရွာတွင် နေထိုင်ခိုင်းထားကြောင်း သိရသည်။

“ သူတို့ကတော့ လူစာရင်းတွေ အမှားအယွင်းဖြစ်မှာစိုးလို့ တစ်ရွာကနေ တစ်ရွာကို ပေးမထွက်တာ ဖြစ်ပါတယ်။ ဒါ့ပြင် စာရင်းတွေရှိနေတဲ့ လူစာရင်းကို လျော့မသွားဖို့လည်း ရပ်ရွာ လူကြီးတွေကို ပြောထားပါတယ်” ဟု သူက ဆိုသည်။

အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ် မောင်ဘုဆွာရွာတွင် ရောက်ရှိနေသူများအားလုံးမှာ ရခိုင်လူမျိုးများဖြစ်ကြောင်း၊ သူတို့မှာ ကလက်ချောင်းထဲမှ ငွေလက်ဝ၊ ပကာဝ၊ အထက်ဖွေလက်ဝ၊ အောက်ဖွေလက်ဝနှင့် ကလချောင်းထဲမှ ပုုံးညောဝ (ပုံးညဝ) ၊ စတင်ဝ၊ မြိတ်ဝ ကျေးရွာများမှ ဖြစ်ကြကြောင်း၊ တစ်ခြား နေရာများတွင် ခိုလုံရာတွင်လည်း ရခိုင်နှင့် အတူ တစ်ခြား တိုင်းရင်းသား အနည်းငယ် ပါကြောင်းသူက ပြောဆိုသည်။

“ မောင်ဘုဆွာရွာအနီးက နောက်ထပ် ရွာသုုံးလေးရွာမှာလည်း ရောက်နေကြပါတယ်။ လိုင်တလန်တို့၊ ဇော့ဇောက်ဆွာရွာ စတဲ့ ရွာတွေမှာ ဟိုရွာမှာ ၅၀၊ ဒီဘက်ရွာမှာ ၁၀၀ အဲသလိုမျိုး နောက်ထပ် သုံးလေးရွာမှာ ရောက်နေကြတာတွေရှိပါတယ်။ မောင်ဘုဆွာရွာမှာတော့ အများဆုံးပါ” ဟု သူက ပြောဆိုသည်။

ယခုလောလောဆယ်တွင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ အပူတပြင်းလိုအပ်နေပြီး ဆောင်းရာသီရောက်ရှိနေပြီ ဖြစ်သဖြင့် အဝတ်အထည်နှင့် အနွေးထည်များလည်း လိုအပ်နေကြောင်း သူက ပြောကြားသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...
June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...
May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...