ဖားကန့်မြို့နယ် ခရစ်ယာန် ဘာသာ ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်များ၊ ရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့် ရပ်မိ ရပ်ဖများ စုစုပေါင်း ၉၀ ခန့် Mashi Kahtawng (မရှီကထောင်) ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရား ရှိခိုးကျောင်းဝင်း တွင် ၂၁ ရာစု ပင်လုံ ညီလာခံ အတွက် ဖားကန့် သယံဇာတ နှင့် အခြား အကြောင်းအရာများ ဆွေးနွေးနေစဉ် ယခုလို ဝင်ရောက် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်ဟု ပွဲ စီစဉ်သူများ ပြောသည်။
‘ဗမာ’ စကားပြော အရပ်ဝတ် လက်နက်ကိုင် အဖွဲ့ ဝင်ရောက်လာပုံ နှင့် ပတ်သက်ပြီး အစည်းအဝေး ဦးဆောင် ကျင်းပ ခဲ့သည့် ကချင် လူထု စည်းရုံးရေး အဖွဲ့ (ဖားကန့်) ခေါင်းဆောင်း Lamawng La Tawng (ဆရာ လ မောင် လ တောင်) က ကချင်သတင်းဌာန KNG ကို အောက်ပါအတိုင်း ပြောသည်။
“ဟုတ်တယ်။ သူတို့ ၂၃ ယောက်။ ကျနော်တို့ ဖားကန့် က ရေမဆေး သမားတွေထက် ပိုဆိုးတဲ့ အင်္ကျီ၊ အားကစားဘောင်းဘီတို စွတ်ကျယ်တွေ နဲ့ ကျနော်တို့ဆီကို စစ်လက်နက် အပြည့် ရောက်လာတယ်။ သူတို့က လုံခြံုရေးအရ သတင်းကြားလို့ လာစစ် တာတဲ့။ စစ်ချင်ရင် စစ် ကလေးတို့ သဘောပဲ လို့ ပြောလိုက်တော့ သူတို့ ဦးဆောင်တဲ့ ဗိုလ်ကြီး က ထွက်သွားတယ်။ ဗိုလ်ကြီး ဆိုပေမယ့် စစ်ဝတ်စုံနဲ့ မဟုတ်ဘူး။ အားကစား ဘောင်းဘီနဲ့”
လက်နက်ကိုင် အဖွဲ့၏ စကားပြောဆိုပုံနှင့် အမှုအရာကို သုံးသပ်လျှင် ဖားကန့် အခြေစိုက် အစိုးရ တပ်မတော်သားများ သေချာနေပြီး နောက်နောင် ယခုလို အစည်းအဝေး ပွဲကြီး မလုပ်နိုင်အောင် လာရောက် ခြိမ်းခြောက်ခြင်း ဖြစ်နိုင်သည်ဟု ဆရာ La Tawng က ပြောသည်။
လက်ရှိ နိုင်ငံတော်အဆင့် ဖော်ဆောင်နေသည့် ၂၁ ရာစု ပင်လုံ ညီလာခံအတွက် ပြည်သူများ၏ စုဝေးမှုကို အရပ်ဝတ် လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက် နှောက်ယှက်ခဲ့မှု အား အရေးယူပေးရန် ဖားကန့်မြို့နယ် ကချင် လူထု စည်းရုံး အဖွဲ့ (Mung Shawa Zinlum Hpung-Hpakan) မှ အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်သွားမည်ဟု သူက ဆက်ပြောပါသည်။







