လားဟူပါတီက အမျိုးသမီးတစ်ဦးကို ဥက္ကဌအဖြစ် တင်မြှောက်

လားဟူပါတီက အမျိုးသမီးတစ်ဦးကို ဥက္ကဌအဖြစ် တင်မြှောက်

လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ပါတီ၏ ခေါင်းဆောင်များကို အသစ်ပြန်လည်ရွေးချယ်ရာ အမျိုးသမီးတစ်ဦးကို ဥက္ကဌ အဖြစ် ရွေးချယ်လိုက်သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် အောက်တိုဘာ လကုန်ပိုင်းတွင် ကျင်းပသည့် တတိယအကြိမ် ညီလာခံတွင် ခေါင်းဆောင်သစ်များ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ်  ရွေးချယ်ခံရသည့် ဦးယောသပ်က ပြောသည်။

“ကျနော်တို့ အားလုံးမဲပေးစနစ်နဲ့ ပေးခဲ့ကြတယ်။ နာယက က ၄ ယောက်။ အဲဒါက အပြောင်းအလဲ သိပ်မရှိဘူး။   ဥက္ကဌက  အခု ဒီ ညီလာခံမှာတော့ ဒေါ်အေးကြည်သာမြင့်၊ ပြီးတော့ ဒု-ဥက္ကဌ က ၃ ဦးရွေးပါတယ်။ ဒု-ဥက္ကဌ  ၂ ယောက်က အသစ်၊ အဟောင်း တစ်ယောက်ပါတယ်။ အထွေထွေအတွင်းရေးမှူးက ဦးဂျဘို၊ တွဲဖက်က ၃ ယောက် တော်တော်များများကတော့ အသစ်ပေါ့နော” ဟု ဦးယောသပ်က ပြောသည်။

ဦးယောသပ်မှာ ယခင်က ဥက္ကဌ ဖြစ်သည်။

ပါတီမှ ရွေးချယ်လိုက်သည့် ခေါင်းဆောင်များမှာ ဥက္ကဌအဖြစ် ဒေါ်အေးကြည်သာမြင့်ဖြစ်ပြီး၊  ရှမ်းပြည်နယ်တောင်ပိုင်းမှ ဦးကျလ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဦးဆီလုံ နှင့် ရှမ်းပြည်နယ်အရှေ့ ပိုင်းမှ ဦးဟဲစတေမှာ ပါတီ၏ ဒု-ဥက္ကဌများအဖြစ် ရွေးချယ်ခံခဲ့ရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းမှ ဦးကျလနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဦးဆီလုံတို့မှာ အသစ်ရွေးချယ်ခံ ရသည့် ပါတီ၏ ဒု-ဥက္ကဌများဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ ပိုင်းမှ ဦးဟဲစတေမှာ ယခုညီလာခံတွင် ဒု-ဥက္ကဌအဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရသည်။

ဦးဂျဘိုကို လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP) ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ပြီး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများအဖြစ် လားဟူတိုင်းရင်းသား ရေးရာဝန်ကြီး ဦးယောသပ်နဲ့အတူ ဦးဒါ၀ိဒ်၊ ဦးကျသော့တို့ကို ပြောင်းလဲရွေးချယ် တင်မြောက်ခဲ့ကြသည်။

LNDP ပါတီ၏ တတိယအကြိမ် ညီလာခံတွင် ပါတီဗဟိုကော်မတီဝင် ၄၂ ဦး ရွေးချယ်ခဲ့ပြီး ပါတီ၏ မူဝါဒနှင့် ရှေ့ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်ဟု ဦးယောသပ်က ပြောသည်။

“ကျနော်တို့ရဲ့ မူဝါဒကတော့ နိုင်ငံတော်ကို ဦးဆောင်ဖို့ မဟုတ်ဘူး။ ဘယ်အစိုးရပဲတက်တက် ကျနော် တို့ ကိုယ့်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေး အပြည့်အဝ ရနိုင် ရေးအတွက် ဒါကို ကြိုးစားသွားမယ်၊ ပြီးတော့ ဘယ်နိုင်ငံရေးပါတီရဲ့ အောက်မှာမှ မနေဘူး၊ ကိုယ့် မူဝါဒ သဘောထားများနှင့် ကိုက်ညီတဲ့ တူညီတဲ့ ပါတီများနဲ့ အခါအားလျော်စွာ ကျနော်တို့က ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ဦးယောသပ်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ  (LNDP) ပါတီမှ ရှမ်းပြည်နယ် အတွင်းတွင် တိုင်းရင်းသားရေးရာ ၀န်ကြီးတစ် နေရာနှင့် မက်မန်းမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း မဲ ၂ နေရာ အနိုင် ရရှိခဲ့သည်။

၅ နှစ် တစ်ကြိမ် ကျင်းပပြုလုပ်သည့် လားဟူ အမျိုးသား ဖွ့ံဖြိုးတိုးတက်ရေးပါတီ (LNDP) ပါတီ၏ တတိယအကြိမ် ညီလာခံသို့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း။ ရှမ်းပြည်နယ် အရှေ့ ပိုင်းမှ ပါတီကိုယ်စားလှယ် စုစုပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့ကြပြီး လာမည့် နိုဝင်ဘာလ ၁၀ ရက် နေ့တွင်မူ ပါတီ၏ ရှေ့ လုပ်ငန်းစဉ် အသေးစိတ် ချမှတ်နိုင်ရန်အတွက် အသစ်ရွေးချယ်ခံထားရသည့် ပါတီဗဟိုကော်မတီဝင်များ၏ အစည်းအဝေးတစ်ရပ် ခေါ်ယူ၍ ဆုံးဖြတ်ချက်ချသွားမည်ဟု သိရသည်။

လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ  (LNDP) ပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျင်းပမည်ဟု တတိယအကြိမ် ညီလာခံမှ ဆုံးဖြတ်ခဲ့ကြသည်။

Most read this week

December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...
ဓာတ်ပုံ - MYANMAR NATIONAL PORTAL
December 9, 2025
တက္ကသိုလ် တက်ရောက်ခွင့်ကို ခြိမ်းခြောက်၍ ရှမ်းပြည်မှ ကျောင်းသား ၂၅၀ ကျော် ကြိုတင်မဲပေးရန်...