၂၁ ရာစု ပင်လုံညီလာခံ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် မျှော်လင့်ချက်နည်းနေသေး

၂၁ ရာစု ပင်လုံညီလာခံ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေးအတွက် မျှော်လင့်ချက်နည်းနေသေး
by -
နိရဥ္စရာ
ညီလာခံတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောအားတွေ့ရစဉ်
ညီလာခံတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောအားတွေ့ရစဉ်
ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးအတွက်  ဆွေးနွေး အဖြေရှာ နိုင်ရန် ၂၁ ရာစု ပင်လုံညီလာခံကို နေပြည်တော်တွင် ကျင်းပပြုလုပ်နေသော်လည်း ရခိုင်အပါအဝင် တိုင်းရင်း သားများ လိုလား နေသော တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရန်မှာ မျှော်လင့်ချက် နည်းနေ သေးကြောင်း ၎င်းညီလာခံသို့ တက်ရောက်နေကြသည့် ရခိုင် ကို်ယ်စားလှယ်များက ပြောကြားသည်။

ယခု ကျင်းပပြုလုပ်နေသည့် ၂၁ ရာစု ပင်လုံညီလာခံမှာ ပထမခြေလှမ်းသာဖြစ်သောကြောင့်  ရခိုင် တိုင်းရင်းသားများအတွက် မျှော်လင့်ချက် နည်းနေသေးကြောင်း၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား များအတွက် အားလုံး လက်ခံနိုင်သည့် ဘုံသဘောတူညီချက် တစ်ခု ရရှိရန် လိုအပ်ကြောင်း  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ ပြောသည်။

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုပေါ်ပေါက်လာဖို့ အတွက် အားလုံးလက်ခံ သဘောတူတဲ့ ဘုံသဘော တူညီချက် အရေးကြီးပါတယ်။ ဘုံသဘောတူညီချက်သာ အောင်မြင် ပြည့်စုံမယ်ဆိုရင် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ ဖြိုးတိုးတက်ရေးမှာ ပိုမိုထိရောက် ခံစားလာရမှာပါ” ဟု ၀န်ကြီးချုပ် ဦးညီပုက  ပြောသည်။

နေပြည်တော် MICC -2 ခန်းမတွင် ကျင်းပပြုလုပ်နေသည့် ညီလာခံတွင်  တိုင်းရင်းသားများမှ တင်သွင်းသော  စာတန်းများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အား နိရဥ္စရာက မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်းဖြစ် မြောက်ဦးမြို့နယ်  ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက လက်ရှိကျင်းပနေတဲ့ ညီလာခံမှာ ပြဿနာကို အဖြေရှာသည့် လမ်းစမျှသာ ရှိသေးကြောင်း ပြောဆိုသည်။

“ကျွန်တော်ဒီကနေ့ ညီလာခံမှာ အစိုးရပိုင်း၊ လွှတ်တော် NLD တို့က ဘက်လာတဲ့စာတန်းတွေမှာ သာမှန် ဖက်ဒရယ် အကြောင်းသာပြောသွားကြပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားတွေဆီကလာတဲ့ စာတန်း ကတော့ ဖြစ်စေချင်တဲ့ လိုချင်တဲ့ ဖက်ဒရယ်စနစ်ကို တင်သွင်းပြောကြားကြပါတယ်။ ကျွန်တော်တို့ ဆိုရင်လည်း ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ဖက်ဒရယ်ကိုတင်ပြထား ပါတယ်။ ဒါပေမယ့် ခုတစ်ကြိမ်က အစပျိုးတာသာရှိပါ သေးတယ်” ဟု နိရဥ္စရာ သို့ပြောသည်။

ညီလာခံပထမနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်းတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ငြိမ်းချမ်းရေးအတွက် သာမက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားပြုအဖြစ် တက်ရောက်နေသည့် အမ်းမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေကလည်း ပြည်ထောင်စုလို့ခေါ်ဝေါ်သုံးစွဲခြင်းနှင့် အတူ တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဌာန်းခွင့် ပေးမှသာလျှင် ငြိမ်းချမ်းရေးရနိုင်မည် ဖြစ်ကြာင်း နိရဥ္စရာသို့ ပြောသည်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) တွဲဖက်အတွင်းရေးမှူးလည်းဖြစ် ရခိုင် အမျိုး သားကောင်စီ(ANC) အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ဦးထွန်းဇော်ကလည်း ယခုတစ်ကြိမ် ညီလာခံတွင် တိုင်းရင်းသားများ၏ လိုလားချက်များကို  လုံးလုံးကြီးမျှော်လင့်၍  မရသေးကြောင်း၊ မျှော်လင့်ချက်များ ပြည့်ဝရန်မှာ အမျိုးသား အင်အားစုများ၏  စည်းလုံး ညီညွတ်မှုအပေါ်တွင် မူတည်နေကြောင်း နိရဥ္ဇရာသို့ပြောသည်။

“အမျိုးသားအင်အားစုဆိုတဲ့အထဲမှာ ကျွန်တော်တို့ ANC နဲ့ AA ရယ်၊ ALP ရယ် ရက္ခိုင့် တပ်မတော် AA ရှိတယ်။ နောက်ထပ် ရခိုင့်တိုင်းရင်းသားပါတီတွေ ရှိတယ်။ အဲဒီ အမျိုးသားအင်အားစုတွေရဲ့ ညီညွတ်မှု အပေါ်မှာလည်း မူတည်နေပါ” ဟု ဆက်ပြောသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...