၂၁ ရာစု ပင်လုံညီလာခံ ကို KIO မှ ၂၅ ဦး ပါ၀င် တက်ရောက်မည်

၂၁ ရာစု ပင်လုံညီလာခံ ကို KIO မှ ၂၅ ဦး ပါ၀င် တက်ရောက်မည်
by -
ကေအဲန်ဂျီ
သြဂုတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပမည့် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ” ကို ကချင် လွတ်လပ်ရေး အဖွဲ့ KIO မှ ပါ၀င်တက်ရောက်မည့် လူ ၂၅ ဦး အမည်စာရင်းကို KIO မှ ယနေ့ ကချင် ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

နေပြည်တော် တွင် ရောက်ရှိနေသော KIO ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ဂွန်မော် မှ ညီလာခံ တရက် အလို ယနေ့ ကချင်ဘာသာဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

၄င်း ၂၅ ဦးတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဋ္ဌ နှင့် KIO ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး အင်ဘန်လ မှ ထိပ်ဆုံးပါဝင်နေပါသည်။ KIO ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် ဂွန်မော် မှာ ၄င်း ၂၅ ဦး အမည်စာရင်းတွင် ပါဝင်ခြင်း မရှိပေ။

ထို့အပြင် KIO ဗဟိုဌာနချုပ် လိုင်ဇာမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ KIO အမျိုးသမီး အဖွဲ့အစည်းများနှင့် အတူ မြစ်ကြီးနား ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ PCG နှင့် ကချင် အမျိုးသားများ အတိုင်အပင်ခံ အဖွဲ့ WMR (မြစ်ကြီးနား) မှ ကိုယ်စားလှယ်များ ပါ၀င်ကြပါသည်။

လိုင်ဇာမှ KIO လူကြီးများသည် သြဂုတ် ၂၉ ရက်နေ့ မြစ်ကြီးနားမြို့ကို ထွက်ခွာခဲ့ပြီး တစ်ညနားကာ ယနေ့ ညနေပိုင်းတွင် ညီလာခံ ကျင်းပမည့် နေပြည်တော်ကို ရောက်ရှိနေပြီဖြစ်သည်။

ညီလာခံ တက်ရောက်နေစဉ် လက်တလော KIO ကို စစ်ဆင် တိုက်ခိုက်မှုများ ရပ်ပေးရန် UNFC မှ တပ်မတော်ကို တောင်းဆိုထားကြောင်း KIO အရာရှိများ ဆိုပါသည်။

KIO သည် ၅ ရက်သာ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် UNFC အစီစဉ်အောက် ပါဝင်ခြင်း ဖြစ်သည့်အတွက် တစ်စုံတစ်ရာ ဆွေးနွေး ဆုံးဖြတ်ချက်များ ပြုလုပ်မည် မဟုတ်ဘဲ အစိုးရနှင့် နိုင်ငံရေး ဆက်လက်ဆွေးနွေး နိုင်ရေး တံခါး ဖွင့်ထားခြင်းသာ ဖြစ်သည်ဟု ဗိုလ်ချုပ် ဂွန်မော် ၏ သြဂုတ် ၂၇ ထုတ်ပြန်ချက်မှာ ဆိုထားသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...