(၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား အမြို့မြို့အနယ်နယ်တွင် ကျင်းပရန် စီစဉ်

(၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား အမြို့မြို့အနယ်နယ်တွင် ကျင်းပရန် စီစဉ်
by -
နိရဥ္စရာ
၂၀၁၆ ခုနစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် မြန်မာ့ လွတ်လပ်ရေး မီးရှူတန်ဆောင် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရန်ကုန် အပါအဝင် ရခိုင်ပြည်နယ်မှ မြို့များတွင် အစီအစဉ်များ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ကျင်းပ ပြုလုပ်မည့် ဆရာတော် ဦးဥတ္တမ အခမ်းအနားကို မနက်ပိုင်း ရခိုင်ပြည်နယ် ဓမ္မာရုံတွင် သံဃာတော်များအား ဆွမ်းကပ် လှူဒါန်း မည်ဖြစ်ပြီး  နေ့လယ်ပိုင်းတွင် ရွှေတိဂုံ အရှေ့ဘက် မုဒ်အနီးရှိ ဆရာတော် ဦးဥတ္တမ ပန်းခြံတွင် ဟောပြောပွဲ အခမ်းအနားများနှင့် အတူ ပျော်ပွဲရွှင်ပွဲများပါ ထည့်သွင်း ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းပြင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ စိတ်ဝင်စားသူများအား လွမ်းသူပန်းခွေများကို ချခွင့်ပြုပေးသွားမည်ဟု (၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပရေး ကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဦးဖေသိန်းက ပြောသည်။

“ ဆရာတော်ဦးဥတ္တမကို ရိုသေလေးစားတန်ဖိုးထားကြတဲ့ ရဟန်းရှင်လူပြည်သူတွေက နှစ်စဉ် အစဉ်အလာ မပျက် ကျင်းပနိုင်အောင် ပြုလုပ်ရတာဖြစ်ပါတယ်။ မြန်မာလွတ်လပ်ရေးအတွက် မျိုးစေ့ချပေးခဲ့တဲ့ ကျေးဇူးရှင် ဆိုတာကို နောင်လာ နောင်သားတွေ သိအောင်၊ လက်ဆင့်ကမ်း ပြုလုပ်လာကြအောင် ကျင်းပတာလည်း ဖြစ်ပါတယ် ” ဟု နိရဥ္စရာသို့  ပြောသည်။

ယခုနှစ် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို မောင်တောမြို့တွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။

မောင်တောမြို့ သီရီမင်္ဂလာ ခန်းမတွင် မနက်ပိုင်းမှ စတင်ကာ ပြုလုပ်သွာမည်ဖြစ်ပြီး ညနေပိုင်းတွင် ကိုဒိုးအ်ရီ၊ စောနှင်းနွယ်၊ ၀တီစိုးမိုး၊ ရီလှိုင်းပြာနှင့် မြို့ခံ အဆိုဝါ သနာရှင်များ ပါ၀င်သည့်  စင်တင် တေးဂီတ ဖြေဖျော်ပွဲတစ်ခုကို လည်း မောင်တောမြို့နယ် လူမှုကူညီရေးအသင်းက ဦးဆောင်ပြီး  ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုစိန်လှဖြူက “ဆရာတော်ကြီးတွေ၊ ရဟန်းသံဃာတော်တွေကိုတော့ မြို့နယ်သာသနာ့ ဗိမာန်မှာ အာရုဏ်ဆွမ်းအနေနဲ့ ရခိုင်မုန့်တီကပ်လှူသွားမှာပါ။ တက်ရောက်လာတဲ့ လူတွေကိုလည်း ကျွေးမွေးဧည်ခံမှာပါ။ ပြီးတာနဲ့ သီရီ မင်္ဂလာ ခန်းမမှာ ဆရာတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွေ လုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဆရာတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲမှာ ဆုရထားသူတွေကိုလည်း ဆုချီးမြှင့်သွားမှာပါ ” ဟု ဆိုသည်။

ယခုနှစ် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်၊ မလေးရှား၊ ထိုင်း၊ ဂျပန်၊ အမေရိကန်နှင့် ရခိုင်ပြည်နယ်ရှိ မြို့များတွင်သာမက ကျေးရွာ အများအပြားတွင်လည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ်၊စစ်တွေမြို့၌ ဖွားမြင်ခဲ့ပြီး  ၁၉၃၉-ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့တွင် ပျံလွန်တော်မူသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဗြိတိသျှတို့လက်အောက်က လွတ်မြောက်ရန် စတင် နိုးဆော်သူ၊ မြန်မာပြည်သူ တစ်ရပ်လုံးကို နိုင်ငံရေး  တက်ကြွးနိုးကြားလာရန် မျိုးစေ့ချပေးသူ၊ အင်္ဂလိပ် ဘုရင်ခံ ဂရက်ဒေါက်ကို မြန်မာနိုင်ငံမှ ထွက်ခွာသွားရန် ရာဇသံပေးသူ၊ အင်္ဂလိပ် လက်အောက်မှ မြန်မာနိုင်ငံ လွတ်မြောက်ရန် ထောင်အကြိမ်ကြိမ်ကျခံ၍ သေသည်အထိ ကိုယ်စွန့် ကြိုးပမ်းခဲ့သူ ဖြစ်သဖြင့် ဆရာတော် ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကို ဆရာတော်ဦးဥတ္တမနေ့ အဖြစ် သတ်မှတ်က နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြု ပူဇော်ပွဲများ ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...