တိုက်ပွဲကြောင့် Shahtu Zup အစိုးရ စာသင်ကျောင်း ပိတ်ထား

တိုက်ပွဲကြောင့် Shahtu Zup အစိုးရ စာသင်ကျောင်း ပိတ်ထား
by -
ကေအဲန်ဂျီ
တပတ်ကျော်ကြာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် ကချင်ပြည်နယ် လီဒို လမ်းမပေါ် Shahtu Zup ကျေးရွာ အစိုးရ အထက်တန်း ကျောင်းကို သြဂုတ် ၁၃၊ ယနေ့ နံနက်ပိုင်းမှ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဟူးကောင်းချိုင့်ဝှမ်း Shahtu Zup (ရှထူးဇွပ်) ကျေးရွာ အနီး ရွှေမှော်များတွင် အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၂)၊ တပ်ရင်း (၁၄) ကြား သြဂုတ် ၃ ရက်နေ့မှ တိုက်ပွဲ ပြင်းထန် လာခြင်း ဖြစ်သည်။

ယနေ့ နံနက်ပိုင်း တပ်မတော် စစ်ကြောင်းများ Hka Da Zup (ခ ဒ ဇွပ်)၊ Lawt Ja mare (လောဒ်ဂျာရွာ) ကို မိနစ် ၃၀ ကျော် အဆက်မပြတ် လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် KIA တပ်ဖွဲ့များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ဆိုပါသည်။

တိုက်ပွဲစတင်ချိန်မှ Shahtu Zup ကျေးရွာ အနောက်ဘက် KIA တပ်ရင်း (၁၄) နယ်မြေရှိ ရွှေမှော်များ အားလုံး ပိတ်လိုက် ရပြီဖြစ်သည်။ စစ်ရှောင် ရွှေတူးဖော်သူ အရပ်သား ပြည်သူ တစ်ထောင်ကျော်သည် နီးစပ်ရာ ကျေးရွာများတွင် ခေတ္တခိုလှုံပြီး အများစုမှာ မိမိ နေရပ်များသို့ ပြန်သွားကြပြီ ဖြစ်သည်။

Shahtu Zup၊ စံပြရပ်ကွက် နေထိုင်သူ နှစ်ဦး Ndau Awng (အင်ဒေါင်အောင်) နှင့် Galang Awng (ဂလန်အောင်) တို့ကို ယမန်နေ့ ည အစိုးရတပ်များ ဖမ်းဆီးခေါ်ဆောင်သွားရာမှ ယနေ့ ညနေပိုင်း အထိ မလွှတ်သေးကြောင်း သိရသည်။

၎င်းတို့ ၂ ဦးကို လွှတ်ပေးရန် ရပ်ကွက်လူကြီးများ တောင်းဆိုစဉ် စစ်သားများ က ‘ထောက်ခံစာ ပါရမယ်’ ဟု ပြောပြီး ထောက်ခံစာ ယူလာပြန်ရင်လည်း ‘အခုချိန် တိုက်ပွဲနဲ့ အလုပ်များတယ်…ခေါ်မှ ပြန်လာပါ’ ဆိုပြီး အကြောင်းကြားခြင်း မရှိသေးသောကြောင့် အဖမ်းခံ ရွာသား ၂ ဦး၏ မိသားစုများနှင့် ရပ်ကွက်လူကြီးများ စိုးရိမ်နေကြသည်ဟု ရွာသားများ ပြောပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...