ရွှေမှော်များရှိသည့် Shahtu Zup ကျေးရွာ အနောက်ဘက် ခ ဒ ဇွပ် (Hka Da Zup)၊ KIA တပ်ရင်း (၁၄) စခန်းများကို အစိုးရတပ်များ မိနစ် ၃၀ ကျော်ခန့် အဆက်မပြတ် လက်နက်ကြီးများ ပစ်ခတ် ပြီးနောက် နှစ်ဖက် တိုက်ပွဲ ဖြစ်လာသည်ဟု ဒေသခံများ ဆိုပါသည်။
သြဂုတ် ၁၁ ရက်နေ့ KIA နောက်ဆုတ်ပေးသည့် Awng Len မှော်သို့ ၀င်လာသော အစိုးရတပ်များကို ယမန်နေ့ မွန်းလွဲပိုင်းမှာ တန်ပြန် တိုက်ခိုက်ခဲ့မှုကြောင့် ထိုနေရာမှ အစိုးရတပ်များ ပြန်ဆုတ်ကာ တကွဲတပြားစီ ဖြစ်သွားကြသည်ဟု KIA က လာသော သတင်းများအရသိရသည်။
ယမန်နေ့ က Lawa (လဝါး)-Dumbang (ဒွမ်ဘန်) ဘက်မှ အစိုးရတပ် အင်အား ၁၀၀ ကျော်သည် Shahtu Zup ကျေးရွာသို့ အင်အားဖြည့်လာပြီး ယနေ့ တိုက်ပွဲ ဖြစ်လာသည်။
သြဂုတ် ၃ ရက်မှ စပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသ၊ ဖားကန့်မြို့နယ် KIA တပ်ရင်း (၁၄) Shahtu Zup ရွှေမှော်များတွင် အစိုးရတပ်များ ထိုးစစ်ဆင် တိုုက်ခိုက်လာခြင်းကြောင့် နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားလာသည်။







