ယမန်နေ့ သြဂုတ် ၁၂ ရက်မှစပြီး တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုများသည် တရုတ် နယ်နိမိတ် မိုင်တိုင် (၆) အနီး ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၃)၊ ငွားလေး (Ngwa Le) စခန်း ရှိရာသို့ ချဉ်းကပ် လာနေကြောင်း ဒေသခံများ ကချင် သတင်း ဌာန KNG ကိုပြောသည်။
KIA တပ်ရင်း (၃) ငွားလေး (Ngwa Le) စခန်းသည် မြစ်ကြီးနား-ကန်ပိုင်တီ လမ်းကြောင်း Sadung (ဆဒုံမြို့) နှင့် Kambaiti (ကန်ပိုင်တီမြို့) ကြား တည်ရှိသည်။
အစိုးရ စစ်ကြောင်း လှုပ်ရှားမှုများ KIA နယ်မြေထဲ ၀င်ရောက်လာလျှင် နှစ်ဖက် တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။
ယခု လဆန်းပိုင်းမှ အစိုးရတပ်နှင့် KIA တိုက်ပွဲများသည် ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်လမ်း မိုးကောင်းနှင့် နန့်ယားကြား နှင့် ဟူးကောင်းချိုင့်ဝှမ်း Shahtu Zup (ရှထူးဇွပ်) ရွှေမှော်များတွင် နေ့စဉ်လိုလို ဖြစ်ပွား နေပါသည်။







