စစ်ရှောင်များ ရောက်လာချိန် အစိုးရ ဆေးရုံနှင့် ဆေးပေးခန်း ပိတ်ထား

စစ်ရှောင်များ ရောက်လာချိန် အစိုးရ ဆေးရုံနှင့် ဆေးပေးခန်း ပိတ်ထား
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် လတ်တလောဖြစ်ပွားနေသော အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များသည် ဒေသတွင်းရှိ အစိုးရ ဆေးရုံ၊ ဆေးပေးခန်းများ ပိတ်ထားသဖြင့် လူနာများ အခက်အခဲဖြစ်နေရကြောင်းသတင်းရရှိသည်။

ဖားကန့်မြို့နယ်၊ ၀ရာဇွပ်တို်က်နယ်၊ လီဒိုလမ်းမပေါ်ရှိ ရှထူးဇွပ် (Shahtu Zup) ကျေးရွာတွင် အနီး သြဂုတ် ၃ ရက်မှ စတင်ဖြစ်ပွားလာသော တိုက်ပွဲကြောင့် စစ်ရှောင်အရပ်သားပြည်သူများဝင်ရောက်လာချိန် ၎င်းဒေသရှိ တိုက်နယ်ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများ ပိတ်ထားသည်ကို မျက်မြင်တွေ့ရှိရသည်။

ထိုသို့ပိတ်ထားရခြင်း အကြောင်းရင်းကို မသိရသေးပါ။ ပိတ်ထားသည်မှာ ရက်သတ္တပတ်ကြာပြီဖြစ်ကြောင်း နယ်ခံများ ပြောပြချက်အရ သိရသည်။

ကျေးလက်ဆေးပေးခန်းနှင့် တိုက်နယ်ဆေးရုံ ပိတ်ထားသည့်အတွက် ၀င်ရောက်လာသော ပြင်းထန်ဖျားနာ စစ်ရှောင်လူနာများအား ထိုနေရာမှ (၃၄)မိုင် ဝေးကွာသည့် တနိုင်းဆေးရုံသို့ မဖြစ်မနေ ပို့ဆောင် ကုသနေရသည်ကို တွေ့ရသည်။

“တိုုက်နယ်ဆေးရုံရောက်သွားတော့ ၀င်းတံခါးမကြီးက သော့ခတ်ထားတယ်၊ ၀င်လို့ မရဘူး” ဟု လူနာရှင်တစ်ဦးက ပြောပြသည်။
၎င်းတို့ လူနာ အမျိုးသားအား ၎င်းတို့နေထိုင်ရာမှ ထမ်းထုတ်လာရာ တညနှင့် တရက်ကြာ လမ်းခရီးတွင် ပိတ်မိနေကြောင်း လူနာရှင်ပြောပြချက်အရ သိရသည်။

သြဂုတ်လ နောက်ဆုံး ရက်သတ္တပတ်မှ စတင်လာသော စစ်ပွဲကြောင့် အရပ်သားပြည်သူများသည် လီဒိုလမ်း အနောက်ဖက်ခြမ်းရှိ ရှထူးဇွပ် (Shahtu Zup) ကျေးရွာအုပ်စုအတွင်းရှိ ရွာ (၄)ရွာနှင့် ရွှေမှော် (၂၄)ခုမှ အရပ်သားပြည်သူများ ရှထူးဇွပ် (Shahtu Zup) ကျေးရွာအတွင်းသို့ စစ်ရှောင်လာကြခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်း ၂ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်းတို့တွင် စစ်ရှောင်ပြည်သူများ အများစု မှီခိုနေကြကာ ဒေသခံများက အစားအသောက် နေရာထိုင်ခင်းအတွက် ပြင်ဆင်ပေးနေကြသည့် အပြင် အလှူရှင်အဖွဲ့စည်းများလည်း ၀င်ရောက်ကူညီလာကြသည်။

၎င်းနေရာ (၅)ခုတွင် စစ်ရှောင်ပြည်သူ လူဦးရေ စုစုပေါင်း ၁၀၀၀ ခန့် ရောက်ရှိနေသည့်အပြင် ထိုစခန်းများ ပြင်ပတွင်လည်း ဆွေမျိုးနီးစပ်ရာ ၀င်ရောက်ခိုလှုံနေကြသည်။

ရှထူးဇွပ် (Shahtu Zup) ဒေသမှ ထွက်ခွာသွားသော စစ်ရှောင် ကျပန်း ရွှေမှော် အလုပ်သမားများ ကိုလည်း ယနေ့အထိ မြင်တွေ့နေရသည်။

ရှထူးဇွပ် (Shahtu Zup) ကျေးရွာတွင် ခန့်မှန်းခြေ အိမ်ခြေ ရ၀၀ ခန့်ရှိပြီး ပြင်ပ ဆေးပေးခန်း (၃)ခု ရှိကြောင်းလည်း သိရသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...