ကန့်သတ် နယ်မြေ မိုင်း ကြောင့် ဆားမှော် ရွာသား ၃ ဦး သေဆုံး

ကန့်သတ် နယ်မြေ မိုင်း ကြောင့် ဆားမှော် ရွာသား ၃ ဦး သေဆုံး
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော် ကျေးရွာမှ ရွာသား ၃ ဦးသည် အစိုးရတပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှစ်ဖက် ကန့်သတ်ထားသည့် နယ်မြေ အတွင်း ဒညင်းသီး ဝင်ခူးရာမှ သြဂုတ် ၄ ရက်၊ ကြာသပတေးနေ့ က မိုင်းနှင်းမိ ပေါက်ကွဲပြီး သေဆုံံးခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲ သေဆုံးမှု ဖြစ်ပွားခဲ့သော နေရာ Sut Len Yang ရွာသည် ယမန်နှစ် အစိုးရတပ်နှင့် KIA ကြား စစ်ရေး တင်းမာမှုကြောင့် ရွာသားများ ထွက်ပြေး တိမ်းရှောင်သွားပြီးနောက် နှစ်ဖက်တပ် ကြားခံ ကန့်သတ် နယ်မြေ အဖြစ် လက်ရှိအချိန်ထိ သတ်မှတ်ထားဆဲဖြစ်သည်။

ပေါက်ကွဲသည့် မိုင်း မည်သူ့တပ်က ဖြစ်ကြောင်းကို မသိနိုင်ကြောင်းနှင့် ၄င်းနေရာကို အစိုးရတပ်နှင့် KIA နှစ်ဖက်တပ်မှ မကျူးကျော်ရ ကန့်သတ်နယ်မြေ အဖြစ် သတိပေးထားသည်ဟု ဆားမှော် ကျေးရွာ ခရစ်ယာန် ဓမ္မဆရာ တူးလွမ် က ကချင်သတင်းဌာန KNG ကို ပြောသည်။

“အဲဒါက နှစ်ဖက်တပ် စပ်ကြားမှာ ရှိနေတဲ့အတွက် ဘယ်သူထောင်ထားတဲ့ မိုင်း ဆိုတာလည်း မသိနိုင်ဘူး။ အစိုးရတပ်က လည်း အဲဘက်ကို မလာနဲ့ လာရင် ပစ်မယ် အဲလို အမိန့်ထုတ်ထားတယ်။ KIA ဘက်ကလည်း ဒီဘက်ကို မလာနဲ့ လာသင့်တဲ့ နေရာမဟုတ်ဘူး။ နှစ်ဖက်တပ် စလုံးက အဲမှာဘဲ နေတယ်။”

ရွာသားများ စွန့်ခွာသွားပြီဖြစ်သော Sut Len Yang ရွာတွင် လက်ရှိအချိန် ရာသီပေါ် သီးနှံများဖြင့် ဝေဝေ ဆာဆာ ရှိနေပြီး ၄င်း သေဆုံးသူ ၃ ဦးမှာ ရွာထဲ ခိုးဝင်ပြီး ဒညင်းသီး ဝင်ခူးခဲ့ရာမှာ ယခုလို မိုင်း ပေါက်ကွဲခံ ခဲ့ရခြင်း ဖြစ်သည်ဟု ဆရာက ပြောပါသည်။

အတည်မပြုနိုင်သော သတင်းများအရ သေဆုံးသူ ၃ ဦးမှာ ဆားမှော်ကျေးရွာမှ အသက် ၂၂ နှစ် မောင်ချမ်းအေး၊ အသက် ၂၀ နှစ် အောင်မင်းဝေ နှင့် အသက် ၂၇ နှစ် မောင်ကြာအောင် တို့ဖြစ်ကြောင်း သိရသည်။

၄င်း လူငယ် ၃ ဦးကို ဗမာ ဟု ဖေါ်ပြသူများ ရှိသလို ရှမ်းနီ လူမျိုးဟု ခေါ်ဆိုသူများလည်း ရှိပါသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူ မိသာစုဝင်များနှင့် ဆားမှော်ကျေးရွာနေ ရှမ်းနီလူမျိုးများသည် “KIA မှ မိုင်းထောင်ခြင်း အလိုမရှိ၊ ပြည်သူ့အပေါ် အကြမ်းဖက် အဖွဲ့အစည်း အလိုမရှိ၊ လွတ်လပ်စွာ စိုက်ပျိုးသွားလာခွင့်ရှိရေး၊ မိုင်းထောင်ခြင်း အလို မရှိ” ဆိုသော လက်ကိုင် ပိုစတာများ ဖြင့်  ရွာပတ်ကာ ယမန်နေ့ သြဂုတ် ၅ ရက်တွင် ဆန္ဒပြခဲ့ကြသည်ဟု ဆားမှော် ရွာလူကြီး ဦးသန်းစိုး မှ ကချင်သတင်း ဌာန KNG ကို ပြောပါသည်။

ကချင်ပြည်နယ်တွင် အစိုးရတပ်မှ ဌာနေ ရှမ်းနီလူမျိုးများကို ပြည်သူ့အဖွဲ့များ ဖွဲ့စည်းပေးကာ အဓိက KIA နှင့်ဖြစ်သည့် တိုက်ပွဲများတွင် ပါဝင်ခိုင်းပြီး လက်ရှိ ဖားကန့် မြို့နယ် နှင့် တနိုင်း မြို့နယ် တိုက်ပွဲများတွင်လည်း ရှမ်းနီ ပြည်သူ့စစ်များ ပါ၀င်နေကြောင်း ဒေသခံများ အဆိုရသိရသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...