ရွေးကောက်ပွဲ အနိုင်ရ ရခိုင်အမျိုးသားပါတီ ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွွှေှအား ကြံ့ခိုင်ရေး ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် (ယခင် ရခိုင်အစိုးရ အဖွဲ့ဝင် ၀န်ကြီးဟောင်း) မှ ကန့်ကွက်လွှာတင်သွင်းခဲ့သော အမှုအမှတ် (၂၈/၂၀၁၅) ကို ဇူလိူင်လ ၂၉ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင် ခုံအဖွဲ့က စစ်ဆေးရာ ဦးကျော်ခင်၏ ကန့်ကွက်လျှောက်ထားမှုအား စရိတ်နှင့် တကွ ပယ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ ရွေးကောက်ပွဲ အနိုင်ရ ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစစ်နိုင်အား ကြံ့ခိုင်ရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးသခင်ချို မှ ကန့်ကွက်လွှာတင်သွင်းခဲ့သော အမှုအမှတ် (၃၇/ ၂၀၁၅) ကို ဇူလိူင်လ ၂၉ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင် ခုံအဖွဲ့က စစ်ဆေးရာ ဦးသခင်ချို၏ ကန့်ကွက်လျှောက်ထားမှုအား စရိတ်နှင့် တကွ ပယ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ၂၀၁၅ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာများကို စတင်ကြားနာစစ်ဆေးခဲ့ရာ ဇူလိူင်လ ၂၉ ရက်နေ့ထိ အမှု ၂၃ ခုကို စီရင်ချက် ချမှတ်နိုင်ခဲ့ပြီး ဆက်လက် စစ်ဆေးရန် ၂၂ မှု ကျန်နေသေးကြောင်းသိရသည်။
ယခုအမှုနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်အား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ကန့်ကွက်လွှာတင်သွင်းထားမှုတွင် သူတို့ အနိုင်ရကြောင်းမှာ မှန်ကန်သော်လည်း ကျေးရွာ သား ၁၈ ဦးမှာ ခရိုင်နှင့် မြို့နယ် အဆင့်တွင် ရာဇဝတ်မှုဖြင့် စွဲတင်ထားသော အမှုကို ဆက်လက် တရားရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်း ပြောကြားသည်။
“သူတို့က လူပေါင်း ၁၈ ဦးကို ရွေးကောက်ပွဲအတွင်း မသမာ လုပ်တယ်လို့ တရားစွဲဆိုတဲ့ အပြင်ရာဇဝတ်မှု ပုဒ်မတွေနဲ့ပါ အမှုနှစ်ခုနဲ့ ခရိုင်၊ မြို့နယ်တွေမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းတဲ့ အမှုမှာ အနိုင်ရပေမယ့် ကျန်အမှုတွေ အတွက် ခရိုင်တို့ မြို့နယ်တို့မှာ ဒီလူ ၁၈ ဦးက အမူတွေကို ဆက်လက် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ခုလို တရားစွဲခံရတော့ ရိုးသားတဲ့ ဒေသခံ တောသူ တောင်သားတွေက စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာ အရရော အလုပ်အကိုင်ပျက်တဲ့ အတွက် ထိခိုက်ခံစားခဲ့ရတဲ့ အတွက် အထူး စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲအမှု၊ ရာဇဝတ်မူ တို့ဖြင့် တရားစွဲခံရသူများမှာ ငစရိုင်းချောင်း ၂ ဦး၊ ညောင်ချောင်း စအင်းက တစ်ဦးရယ်၊ ခေါင်းလောင်းချောင်း ၈ ဦး၊ အိုင်ဝမ်းက ၂ ဦး၊ မင်းပြားမြိုပေါ်က အလယ်ပို်င်းက အမျိုးသမီး တစ်ဦးနှင့် အောက်ရွာပိုင်းက နှစ်ဦး စုစုပေါင်း ၁၈ ဦးခန့် ဖြစ်ကြောင်း သိရသည်။







