၈၂ နိုင်ငံသားဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော်နေမှုအခြေအနေ ANP သဘောထားအမြင် ရှင်းလင်း

၈၂ နိုင်ငံသားဥပဒေအရ လုပ်ငန်းအကောင်အထည်ဖော်နေမှုအခြေအနေ ANP သဘောထားအမြင် ရှင်းလင်း
by -
နိရဥ္စရာ
၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရခိုင်အမျိုးသား ပါတီ (ANP)၏ သဘောထား အမြင်ရှင်းလင်းပွဲ အခမ်းအနားတစ်ခုကို ဇူလှိုင်လ ၂၄ ရက် နေ့က  ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ ကန်တော်ကြီး သဘာဝဥယျာဉ်ရှိ Dolphin Restaurant တွင် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်မှ ညနေ ၄ နာရီထိ ပြုလုပ်ခဲ့သည်။

” ကျွန်တော်တို့ ရခိုင် အနောက်ဘက်နယ်စပ်ဒေသတွေမှာ ရှေ့တန်းစစ်မျက်နှာပါ။ ကျွန်တော်တို့ ရခိုင်လူမျိုးဟာ အမျိုးသီလ၊ နှစ်ဌာနကို စောင့်စွမ်းနိုင်တဲ့လူမျိုးဖြစ်ပေမယ့် နယ်မြေလုံခြံုရေး၊  နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ အတွက် ကျွန်တော်တို့ ရခိုင် လောက်နဲ့တော့ မလုံလောက်တော့ဘူး” ဟု ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က အခမ်းအနားတွင် ပြောသည်။

၎င်းပြင် ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေမှာ ရှေးက လူကြီးများ အမြော်အမြင်ကြီးစွာဖြင့် ချမှတ်ခဲ့သော ဥပဒေ ဖြစ်သဖြင့် ၎င်းဥပဒေ တည်တံ့ခိုင်မြဲရေး အတွက် ပြည်ထောင်စုသား တိုင်းရင်းသားများအားလုံး  ၀ိုင်းဝန်း ကာကွယ်ကြရန် လိုအပ်ကြောင်း ဆက်လက် ပြောကြားသည်။

“ ရှေးက ပုဂ္ဂိုလ်ကြီးတွေ အမြော်အမြင်ကြီးစွာနဲ့ မြန်မာနိုင်ငံရဲ့ ခြံစည်ရိုးကို လုံအောင်ကာထားခဲ့တဲ့ ဒီဥပဒေတည် တံ့ခိုင်မြဲပြီးမှ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲနေမှာ ဖြစ်ပါတယ်။  ဂျီအို ပိုလစ်တစ် အရ လူဦးရေ များပြားတဲ့ နိုင်ငံတွေနဲ့ ဆက်စပ်နေတဲ့ ဒီနိုင်ငံကို ပြည်ထောင်စုသား တို့လူမျိုးတွေ နှစ်ပေါင်း ရာချီကျန်ခဲ့အောင် အားလုံး ဝိုင်းဝန်းပြီးတော့ ဘယ်လိုကာကွယ်မလဲ။ တားဆီးမလဲ ဆိုတာတွေကို မီဒီယာများမှ ကြွရောက် လာကြတဲ့  လူကြီးမင်းများမှ တဆင့် တစ်တိုင်းပြည်လုံးသိအောင် တင်ပြနိုင်မှ ဒီကိစ္စကို တားဆီး နိုင်လိမ့်မယ်။ တပ်လှန့်နိုင်လိမ်မယ်လို့ ယုံကြည်ချက်ကြီးစွာနဲ့ ခုလိုရှင်းလင်းရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောဆိုသည်။

ယခုပြုလုပ်သည့်ရှင်းလင်းပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးသုဝေ၊ ဦးသိန်းညွန့် ၊ ဒေါ်ခင်ဝိုင်းကြည်နှင့်တခြားပါတီများမှ တာဝန်ရှိသူများ၊  ရခိုင်လူမျိုးများဖြစ်သည့် သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၊ စာရေးဆရာ ဖိုးကျော့၊ ကျွန်းစဉ်မြေ စောခက်၊အဏ္ဏာဝါစိုးမိုးနှင့်အသင်းအဖွဲ့များမှ တာဝန် ရှိသူများ တက်ရောက်ကြောင်း သိရသည်။

IMG 5035

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က “၁၉၈၂ ခုနှစ်ဥပဒေဟာ ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်လိုအပ်တဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ လိုအပ်လို့လည်း အဲဒီခေတ် အဲဒီအခါက ဒေါက်တာဘမောင်ဟာ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးကို ဆင်းပြီးတော့ ဥပဒေပညာရှင်တွေနဲ့ ဒေသခံတွေ၊ တိုင်းရင်းသားတွေနဲ့ အပြန်ပြန်အလှန်လှန် မေးမြန်းသုံးသပ်ပြီးတော့မှ ပထမမူကြမ်း၊ ဒုတိယ မူကြမ်း၊ တတိယမူကြမ်းတွေကို ပြည်သူသို့ချပြပြီးမှ ဥပဒေပညာရှင်တွေနဲ့ စီစစ်ရေးဆွဲခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့နေရာမှာ ထွက်ပေါက်ယိုပေါက်တွေကို ရှာပြီးတော့ လျော့ရဲမူတွေ ဖြစ်လာခဲ့ရင် ဥပဒေအရမှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့အတွက် ခုလိုရှင်းလင်းရခြင်း ဖြစ်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ဆိုသည်။

ရှင်းလင်းပွဲအခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင်(တရားသူကြီး-ငြိမ်း)က “၈၂ ဥပဒေဆိုတာ နိုင်ငံတော်က လိုအပ်လိုပြဌာန်းခဲ့တဲ့ ဥပဒေပါ။ အဲဒီဥပဒေကို ပြဌာန်း အကောင်အထည် ဖော်ချိန်မှာ အဲဒီဥပဒေပြဌာန်းချက်မှာပါတဲ့ ဥပဒေနဲ့အညီပဲဖြစ်စေချင်ပါတယ်။ ဥပဒေကိုပြဌာန်းသူဟာ ဥပဒေကို လိုက်နာဖို့လိုပါတယ်။ အလားတူပြဌာန်းထားတဲ့ဥပဒေကို အကောင်အထည်ဖော်နေသူတွေဟာလည်း ဥပဒေကို လိုက်နာဖို့လိုပါတယ်။ ခုလုပ်နေကြတာတွေဟာဥပဒေကိုလိုက်နာသလား။ မလိုက်နာဘူးလားဆိုတာကတော့ ပြောရမှာ နည်းနည်းခက်နေပါတယ်။ ကျွန်တော်တို့ အဓိကလိုတာက ရခိုင်ပြည်နည်ကို ကွင်းဆင်း လုပ်နေကြရာမှာ မြို့မိမြို့ဖ နှစ်ယောက်စီနဲ့ဖွဲ့စည်းတယ်ဆိုတာတော့ မှတ်မိပါတယ်။ ခုနိုင်ငံသား စိစစ်ရေး ပြန်ဖွဲ့တဲ့ အချိန်မှာ မြို့မိမြို့ဖ အရပ်ဖက်အဖွဲ့အစည်းတွေမပါတော့ဘူးလို့လည်းကြားရပါတယ်။ အဓိကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ လုပ်တယ်ဆိုရင် ရခိုင်လူထုရဲ့အသံကိုယူပြီးတော့ လုပ်ရင် ပိုကောင်းမယ် ဆိုတာကို ရှင်းလင်းတာပါ ”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရှင်းလင်းပွဲတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်၊ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်၊ဥပဒေပညာရှင် ဦးသာပွင့် နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇော်ဦးတို့က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအကြောင်းနှင့် ပတ်သက်ကာ အကျယ်တဝင့်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...