ရခိုင်လူငယ်ဖိုရမ် စက်တင်ဘာလတွင် မင်းပြားမြို့၌ ကျင်းပမည်

ရခိုင်လူငယ်ဖိုရမ် စက်တင်ဘာလတွင် မင်းပြားမြို့၌ ကျင်းပမည်
by -
ကေအိုင်စီ
ရခိုင်လူငယ်ဖိုရမ် (Arakan Youth Forum) ကို ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ စက်တင်ဘာလ အတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း အကြိုညှိနှိုင်းအစည်းအဝေက ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

အကြိုညှိနှိုင်းဆွေးနွေးပွဲကို မင်းပြားမြို့ ဓမ္မာရုံဝင်း အတွင်းရှိ ဓမ္မသုခေသီဆောင်၌ ဇူလိုင် ၁၉နှင့် ၂၀ ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ် မြို့နယ် ၁၄ ခုမှ လူငယ် ကိုယ်စားလှယ် ၃၀ ကျော် တက်ရောက်ခဲ့ကာ  ယင်းအစည်းအဝေးက  မင်းပြားတွင် ပြုလုပ်ရန်  ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ကျွန်မတို့ Working Group Meeting ရဲ့ ဆုံးဖြတ်ချက်အရ ရခိုင်လူငယ်ဖိုရမ်ကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့ထိ မင်းပြားမှာ ပြုလုပ်မယ်လို့ဆုံးဖြတ်ထားကြပါတယ်” ဟု ရခိုင်လူငယ် ဖိုရမ်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မတင်တင်သွယ်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်လူငယ် ဖိုရမ်ကျင်းပမည့်နေရာအား  ဘူးသီးတောင်နှင့် မောင်တောတွင် ပူးတွဲကျင်းပရန် (သို့မဟုတ်)  မင်းပြားမြို့၊  ဂွမြို့ စသည့် မြို့များတွင် ပြုလုပ်ရန် လူငယ်ကိုယ်စားလှယ်များက  အဆိုပြုတင်ပြလာကြရာ ထိုအထဲမှ လမ်းပန်းဆက်သွယ်ရေး အဆင် အပြေဆုံးနှင့် မြို့ခံလူထု၊ လူမှုအဖွဲ့အစည်းများ အားကောင်းသော  မင်းပြားမြို့ကို အများသဘောတူ ရွေးချယ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

“ ရခိုင်လူငယ်ဖိုရမ်ကနေ ရခိုင့်လူငယ်ရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒတစ်ခု ထင်ထင်ရှားရှား ပေါ်ပေါက်လာဖို့ အတွက်ရယ်။ ရခိုင် တစ်ပြည်နယ်လုံးမှာရှိတဲ့  မြို့နယ်တိုင်းက လူငယ်တွေ ကွန်ရက် ချိတ်ဆက်မှု တစ်ခုဖြစ်ပေါ် လာစေဖို့ ရည်ရွယ်ချက်တွေနဲ့ ရခိုင်လူငယ် ဖိုရမ်ကို ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု မတင်တင်သွယ်က ဆက်ပြောသည်။

၎င်းပြင် ရခိုင်လူငယ်ဖိုရမ်တွင် လူငယ်မူဝါဒရေးရာကို ကောင်းကောင်းကြီး သိနားပြီး အရည်အသွေးရှိသော  လူငယ်နှစ်ယောက် ကို ရွေးချယ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ရေးရာ မူဝါဒရေးဆွဲသည့် အခါ ပါ၀င်ရန်  စေလွတ်သွားမည်ဟု ဆိုသည်။

” အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု၊ အရက်သေစာနဲ့မူးယစ်ဆေးဝါး သားကောင်ဖြစ်နေတာတွေ၊ ပညာရေး နိမ့်ကျမှု၊ ပြည်ပ ထွက်ခွါမှုများပြားနေတာတွေဟာ ရခိုင့်လူငယ်တွေရဲ့ဘဝမြင့်မားရေးကို အဟန့် အတား ဖြစ်စေသည့် အကြောင်းအရာများကိုလည်း အကြိုညှိနိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြသလို ဖိုရမ်မှာလည်း ဆက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု သူမက ဆက်လက် ပြောဆိုသည်။

ရခိုင်လူငယ် ဖိုရမ်သို့  ရခိုင်ပြည်နယ် မြို့နယ် အသီးသီးနှင့် ပြည်တွင်း ပြည်ပမှ ရခိုင်လူငယ်များနှင့် ရခိုင်မျိုးနွယ်စုဝင် လူငယ် ၁၅၀ ခန့်ကို တက်ရောက်ဆွေးနွေးရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ယခု မင်းပြားမြို့တွင် ပြုလုပ်ခဲ့သော အကြိုညှိနိုင်း အစည်းအဝေးသို့ အမ်း၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်များမှ အပ ကျန်မြို့နယ်များမှ လူငယ် ၃၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...