ရခိုင်တွင် မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းမှာ အရက်ကြောင့်ဟု ပြည်နယ်ရဲမှူးသတိပေး

ရခိုင်တွင် မှုခင်းဖြစ်ပွားမှုနှုန်း မြင့်တက်လာခြင်းမှာ အရက်ကြောင့်ဟု ပြည်နယ်ရဲမှူးသတိပေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ယခုနောက်ပိုင်းဖြစ်ပွားသည့်မှုခင်းဖြစ်စဉ်များအနက် အရက်သေစာသောက်စား၍ ဖြစ်ပွားသည့်မှုခင်းများ ပိုမိုများပြားလာနေကြောင်း  ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က သတိပေးပြောကြားသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂ဝ ရက် နေ့လယ် ၂ နာရီက စစ်တွေရှိ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် လူထုရှင်းလင်းပွဲတွင် ရဲမှူးကြီးက အထက်ပါအတိုင်းပြောဆို လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်ထဲမှာ မှုခင်းဖြစ်စဉ်တွေကို စိစစ်ကြည့်တဲ့အခါမှာ ယာဉ်တိုက်မှုတွေ တော်တော်လေးများ ပါတယ်။ နောက်တစ်ခါ ရိုက်နှက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ ဒီအမှုတွေများပါတယ်။ ကျန်တဲ့ အခြားမှုတွေကတော့ ရှိပေမယ့် နည်းပါတယ်။ ဒါတွေကို စိစစ်ကြည့်တဲ့အခါ ဒီအမှုတွေဟာ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းဟာ အရက်သေစာသောက်စားပြီးတော့ဖြစ်တာဟာ နံပါတ် (၁) လာပြီးတော့ တွေ့ရပါတယ်” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က သုံးသပ် ပြောဆိုသည်။

ယခုလို ပြည်နယ်တွင်း အရက်သောက်သုံးမှုနှုန်းမြင့်တက်လာနေခြင်းသည် အရက်ဆီ၊ အရက်တု ထုတ်လုပ်ရောင်းချခွင့် အလွယ်တကူရရှိနေကြသည့်အပြင် အရက်ရောင်းချခွင့်လိုင်စင်များ ချပေးရာတွင်လည်း မသမာမှုများရှိနေသည့်အတွက် ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေအရ စိစစ်အရေးယူပေးရန်လိုသည်ဟုလည်း ဒေသခံများက ထောက်ပြကြသည်။

“အရက်ရောင်းဝယ်ခွင့်လိုင်စင်သွင်းထားကြတဲ့ ဆိုင်တွေရှိပါတယ်။ သူတို့ လိုင်စင်အများကြီးသွင်းထားရတယ်။ ဒါပေမယ့် လိုင်စင်မရှိဘဲ ရောင်းနေကြတဲ့ ဆိုင်တွေကလည်း အများကြီးပဲ။ အဲဒါကြောင့် အရက်ပြဿနာကို ထိန်းသိမ်းဖို့က အဲဒါတွေလည်း လိုပါလိမ့်မယ်။ လိုင်စင်ရှိတဲ့ဆိုင် ဘယ်ဆိုင်လဲ၊ လိုင်စင်မရှိတဲ့ဆိုင် ဘယ်ဆိုင်လဲ။ လိုင်စင်မရှိတဲ့ဆိုင်ဆိုရင်တော့ မရောင်းစေနဲ့ပေါ့။ အဲလိုမျိုးတွေလုပ်ပေးရင် အဆင်ပြေနိုင်မယ်လို့တော့ ကျွန်တော်ပြောချင်ပါတယ်။ ”ဟု စစ်တွေမြို့ခံ ဦးသန်းထွန်းက အကြံပြုပြောဆိုသည်။

ရခိုင်ပြည်နယ်တွင်း ယခုနောက်ပိုင်း  လူငယ်လူရွယ်များအနေဖြင့် အရက်သေစာအပြင် စိတ်ကြွ မူးယစ် ဆေးဝါးများကိုလည်း လွယ်လင့်တကူဝယ်ယူရရှိနေသည့်အတွက် ယာဉ်တိုက်မှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများနှင့် သူတို့၏ စာရိတ္တပိုင်းဆိုင်ရာများလည်း ပျက်စီးလာနေကြသည်ဟု သိရသည်။

စစ်တွေမြို့ အပါအဝင် မြို့အများအပြားတွင် မူးယစ် ဆေးဝါးများ ရောင်းချနေသည့်နေရာများ ရှိနေသော်လည်း  ရဲတပ်ဖွဲ့အနေဖြင့် ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသည့် အပေါ်  ဒေသခံများက ဝေဖန်လျက် ရှိနေကြသည်။

ရခိုင်ပြည်နယ်ကို ၀င်ရောက်လာသည့် မူးယစ်ဆေးဝါးများ၏  လာရာလမ်းကြောင်းမှာ ဆင့်ကဲဆင့်ကဲ လူအများအပြား သယ်ယူလုပ်ကိုင်ခြင်း ဖြစ်သည့်အတွက် အဓိကပိုင်ရှင်များကို ဖမ်းဆီးရန် ခက်ခဲမှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် က အခမ်းအနားတွင် ဆက်လက် ပြောကြားသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...