အမ်းမြို့၊ အမ်းတောင်ခန်းမတွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် (၉)နာရီခန့်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဒေသခံများတွေ့ဆုံပွဲတွင် ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
” ဇူလိုင်လ ၁၃ရက်နေ့က ရေနံနှင့် ဂတ်စ်ပိုက်လိုင်းကြောင့် လယ်မြေတွေ ပျက်စီးသွားတဲ့ အတွက် ဆုံးရှံုးနစ်နာမှုတွေကို ဖြေရှင်းပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ကို စာတင်ထားတာ ရှိပါတယ်။ အဲဒီစာထဲမှာ ပါတဲ့ အတိုင်း ပြန်ပြီးတင်ပြလိုက်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဖြေရှင်းပေးမယ်လို့ ဝန်ကြီးချုပ်ကပြန်လည် ပြောဆိုခဲ့တယ်” ဟု အမ်းပိုက်လိုင်းရေးရာစောင့်ကြည့် လှုပ်ရှားမှုအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးလွင် ကပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်မှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စုံးစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးကာ နှစ်ပတ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ကို အစီရင်ခံစာ တင်သွင်းရန်မှာကြားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ရေနံနှင့် ဂတ်စ်ပိုက်လိုင်းကြောင့် လယ်မြေတွေ ပျက်စီးဆုံးရှုံးခဲ့ရသည့် အတွက် ဆုံးရှံုးနစ်နာမှုများကို ဖြေရှင်းပေးနိုင်ရန် အမ်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် တစ်ခုကို ကွင်းဆင်း စစ်ဆေးရန် ဖွဲ့စည်းပေးခဲ့သည်။

အမ်းဒေသခံတို့ တောင်းဆိုနေစဉ်
သို့သော် ၎င်းစုံစမ်း စစ်ဆေးရေးအဖွဲ့တွင် ပါ၀င်သော CNPC ကိုယ်စားလှယ်များနှင့် MOGE ကိုယ်စားလှယ်က ကွင်းဆင်းစစ်ဆေးရာတွင် လိုက်ပါခြင်း မရှိဘဲ လျော်ကြေးငွေ ပေးအပ်ထားပြီဟု ပြောဆိုလာသဖြင့် ဒေသခံများက ရခိုင် ပြည်နယ်အစိုးရမှ ဦးဆောင်ပြီး စုံစမ်းစစ်ဆေးပေးရန် စာရေးတောင်း ဆိုခဲ့သည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၏ အမ်းမြို့နယ် ခရီးစဉ်တွင် ပြည်နယ်ဝန်ကြီးများဖြစ်သော ဦးမင်းအောင်၊ ဦးကျော်လွင်၊ ဒေါက်တာ ချမ်းသာနှင့် ပြည်နယ် လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း တို့လည်း လိုက်ပါလာကြောင်း သိရသည်။၎င်းခရီးစဉ်တွင် ရေနံနှင့်ဂတ်စ်ပိုက်လိုင်းကိစ္စနှင့် ပတ်သက်ပြီး CNPC နှင့် MOGE ကိုယ်စားလှယ်မှ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခွင့်တောင်းခံခဲ့သော် လည်း ခရိုင်နှင့် အရင်တွေ့ဆုံဆွေးနွေးရန် ပြည်နယ်အစိုးရဝန်ကြီးများက ပြန်လည်ပြောကြားခဲ့ကြောင်း ကိုမျိုးလွင် ကပြောသည်။
ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ဒေသခံများတွေ့ဆုံပွဲသို့ ဒေသခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ၊ CNPC နှင့် MOGE မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ညနေ(၄)နာရီကျော်တွင် အခမ်း အနားပြီးဆုံးခဲ့သည်။
အမ်းမြို့နယ်တွင် ရေနံနှင့်ဂတ်စ်ပိုက်လိုင်းသည် ကျေးရွာအုပ်စု (၉) ခု၊ ကျေးရွာ(၃၇)ကို ဖြတ်သန်းသွားရာမှာ မြေယာ ပျက်စီး မှု၊ ငွေကြေးဖြတ်တောက်ခံရမှုနှင့် သုသာန်မြေပျက်စီးမှုများအတွက် လျော်ကြေးငွေမရရှိမှုများ ရှိနေသောကြောင့် တောင်း ဆိုကြခြင်းဖြစ်ကြောင်းသိရသည်။







