ရေမြုပ်ပျက်စီးခဲ့သော ရခိုင်မှ လယ်များအတွက် စပါးမျိုးများ အချိန်မီလိုအပ်

ရေမြုပ်ပျက်စီးခဲ့သော ရခိုင်မှ လယ်များအတွက် စပါးမျိုးများ အချိန်မီလိုအပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအတွင်း ဇူလိူင်လ ပထမအပတ် ရေနစ်မြုပ်ခဲ့စဉ်က ပျက်စီးသွားသော ဧကထောင်နှင့် ချီရှိသော စပါးခင်းများ အတွက် အရည်အသွေးပြည့်ဝသော စပါးမျိုးစေ့များ အချိန်မီ လိုအပ်နေသည်ဟု လယ်သမားများက ပြောသည်။

သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက စပါးမျိုးစေ့များ ကူညီမည်ဟု ထုတ်ဖော်ပြောကြားထားသော်လည်း ၁၅ရက်ကျော်ကြသည်ထိ မရောက်ရှိလာသေးသဖြင့် လယ်သမားများ အနေဖြင့် ကိုယ်ထူ ကိုယ်ထ ပျိုးထောင်စိုက်ပျိုးရာ မျိုးစေ့မကောင်းသဖြင့် ဆုံးရှံုးမှုများ ထပ်မံရင်ဆိုင်နေရသည်ဟု  သတိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်သန်းက ပြောသည်။

“ အစိုးရက ကူညီမယ်လို့ ပြောတဲ့ အတွက် စာရင်းပြုစုပြီး မြို့နယ်ကို တင်ပြထားပါတယ်။ အခုအချိန်ထိ အကူအညီမရသေးဘူး။ လယ်သမားတွေက ကိုယ့်နည်းကိုယ်ဟန်နဲ့ မျိုးစပါးတွေကို အပြင်က ၀ယ်ယူပြီး စိုက်ပျိုးကြတဲ့ အခါ မျိုးစပါးတွေက အရည်အသွေး မပြည့်မီတဲ့ အတွက် စပါးပင် မပေါက်ဘဲ အပျက်အစီးများနေပါတယ်” ဟု သူက ပြောသည်။

၎င်းပြင် သတိုးအုပ်စုတွင် အစိုးရထံမှ ဆန် ၈ အိတ်အပြင် တစ်ခြား အကူအညီများ မရရှိဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်း အတွင်း တည်ရှိသော မင်းဖူးကျေးရွာ အုပ်စုတွင် ကျေးရွာ သုံးရွာရှိပြီး လယ်သမား ၄၀၀ ကျော်ပိုင်ဆိုင်သော လယ်ဧက ၈၀၀ ကျော်မှာ ပျက်စီးသွားခဲ့ကြောင်း၊ သတိုးကျေးရွာအုပ်စုတွင် လယ်သမား ၁၁၅ ဦးပိုင်ဆိုင်သော လယ်ဧက ၂၉၅ ပျက်စီးကြောင်း၊ ပြင်ယောင်းအုပ်စုတွင် ပျိုးခင်းဧက ၂၀၀ ကျော်နှင့် စပါးစိုက်ဧက ၃၀၀ ကျော်၊ စုစုပေါင်း ဧက ၅၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း၊ ပန်းမြောင်းကြီးချောင်းတစ်လျောက်ရှိ ကျေးရွာအုပ်စုအားလုံးကို ပေါင်းလိုက်လျင် လယ်ဧက သောင်းဂဏန်းထိ ပျက်စီး ဆုံးရှံုးမှု ရှိနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ ကျွန်တော်တို့ အဓိက လိုအပ်တာက မျိုးစပါးနဲ့ မြေဆီ (ဓာတ်မြေသြဇာ) ဖြစ်ပါတယ်။ နိုင်ငံတော်အပိုင်းက မျိုးစပါး၊ မြေဆီ အပါအဝင် ဧကလိုက် တစ်ဧကကို ကျပ် တစ်သောင်းနှစ်ထောင်လောက် ကူညီနိုင်မယ် ဆိုရင်တော့ လယ်သမားတွေ အဆင်ပြေနိုင်ပါတယ်” ဟု မင်းဖူးကျေးရွာ လယ်သမား တစ်ဦးကလည်း ပြောဆိုသည်။

ရခိုင်ဒေသ၏ စိုက်ပျိုးရေးမှာ ရာသီဥတု အပေါ် အားထား တည်မှီနေသော စိုက်ပျိုးရေး ဖြစ်သဖြင့် စပါးစိုက်ပျိုးမှုကို မိုးနှင့် အတူ အချိန်မီ စိုက်ပျိုးရန် လိုအပ်ကြောင်း၊ ရေကြီးသည့် အတွက် စပါးစိုက်ခင်းများ ပျက်စီးသွားခဲ့သည်မှာ ၁၅ ရက်ခန့် ကြာမြှင့်နေပြီ ဖြစ်သော်လည်း မျိုးစပါး အကူအညီများ ယခုချိန်ထိ ရောက်မလာသေးသဖြင့် နိုင်ငံတော်က ထောက်ပံ့မည့် မျိုးစပါးများကို လယ်သမားများက အချိန်မှီ လိုချင် နေကြကြောင်း ပြင်ယောင်းကျေးရွာ အုပ်စုမှ လယ်သမားတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်၏ အကူအညီများနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်လွှင်အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဦးကျော်လွှင်မှ မိမိမှာ ယခု ၀န်ကြီးချုပ်နှင့် အတူ မင်းပြားသို့ ရောက်ရှိနေကြောင်း၊ အစည်းအဝေး ပြုလုပ်နေသဖြင့် နောက်ထပ် အချိန်အနည်းငယ် အတွင်း ပြန်ဆက်သွယ်ပါဟု ပြောကြားသည်။ နောက်ထပ် မိနစ် သုံးဆယ် အကြာတွင် ပြန်ဆက်ရာ ဖုန်းဝင်သော်လည်း ဖုန်းကိုင် လက်ခံ ဖြေဆိုခြင်း မရှိပါ။

သို့အတွက် ပြည်နယ် အစိုးရမှ ပျက်စီး လယ်မြေများ ပြန်လည် စိုက်ပျိုး ရေးနှင့် မည်သို့ ဆောင်ရွက် လုပ်ကိုင်နေသည်ကို တင်ပြနိုင်ခြင်း မရှိပါ။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...