မင်းပြားတွင် ကယ်ဆယ်ရေးပစ္စည်းလာထုတ်သည့် စက်လှေနစ်မြုပ်၍ လူတစ်ဦး ပျောက်ဆုံး

မင်းပြားတွင် ကယ်ဆယ်ရေးပစ္စည်းလာထုတ်သည့် စက်လှေနစ်မြုပ်၍ လူတစ်ဦး ပျောက်ဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်  မင်းပြားမြို့တွင် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီက လှူဒါန်းသည့် ကယ်ဆယ်ရေး ပစ္စည်းများကို တင်ဆောင်လာသည့် စက်လှေတစ်စီးနစ်မြုပ်မှုကြောင့် စက်လှေမောင်းသူမှာ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

၎င်း ပျောက်ဆုံးနေသူမှာ ကုလားမတောင် ကျေးရွာမှ ဘဦးထွန်းလှ၏သား မောင်တင်ဝင်း (၃၇) နှစ် ဖြစ်သည်။

တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီက လှူဒါန်းသည့် ရေဘေး ကယ်ဆယ်ရေးပစ္စည်းများ ကို မင်းပြားမြို့တွင်လာထုတ်ယူပြီး ရွာသို့ ပြန်စဉ် မိုးသက်လေပြင်းအနည်းငယ်တိုက်သည့်အရှိန်ကြောင့် စက်လှေ နစ်မြုပ်သွားခဲ့ခြင်း ဖြစ်ကြောင်း မင်းပြားမြို့မ ရဲစခန်းမှ ရဲအုပ် ဦးစိန်ထွန်းဦးမှ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“စက်လှေနစ်မြုပ်တာက မှန်ပါတယ်။ ဇူလှိုင်လ ၁၆ ရက် ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာပါ။ နစ်မြုပ်တဲ့ နေရာကတော့ မင်းပြားမြို့ ဦးစိုးတင့် ရပ်ကွက်နဲ့ ၂ ဖာလုံခန့် ဝေးပါတယ်။ မြစ်ကမ်းနဲ့ ပေ ၁၂၀ ခန့်ကွာ ရာမောင်မြစ်ထဲမှာ နစ်မြုပ်တာပါ။ စက်လှေပေါ်မှာ လူငါးဦးပါလာပြီး စက်လှေမောင်းတဲ့ မောင်တင်ဝင်း ပျောက်ဆုံးနေပါတယ်” ဟု ပြောသည်။

ပျောက်ဆုံးနေသူ မောင်တင်ဝင်းသည် ကုလားမတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ စာရေး ဦးမောင်သန်း အပါအဝင် ကျေးရွာသား ခုနှစ်ဦးတို့နှင့် အတူ မင်းပြားမြို့သို့ ကယ်ဆယ်ရေး ပစ္စည်း လာထုတ်ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးတို့မှာ မင်းပြားတွင် ကျန်နေခဲ့ပြီး မောင်တင်ဝင်းနှင့် နောက်လေးဦးမှာ ပစ္စည်းများကို စက်လှေပေါ်တင်၍ ပြန်ရာ ရာမောင်မြစ်အတွင်း စက်လှေ နစ်မြုပ် သွားခဲ့ကြောင်း၊  လူလေးဦးမှာ အသက်ရှင်ကျန်ရစ်သော်လည်း မောင်တင်ဝင်းကို ယခုအချိန်ထိ ရှာမတွေ့သေးကြောင်း သိရသည်။

“စက်လှေပေါ်မှာတော့ တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီက လှူဒါန်းတဲ့ ဆန်အိတ် ၅၀ ၊ ပဲ ၁၇ အိတ််၊ ဆီ ၁၀ ပိသာဝင် ဗူး ၁၅ ဗူး ပါတယ်။ ကာလတန်ဖိုး ၂၉ သိန်းပါ။ စက်လှေနစ်မြုပ်ချိန်မှာ မိုးသက်လေပြင်း အနည်းငယ် ကျရောက်နေပါတယ်။ ပျောက်ဆုံးနေတဲ့ မောင်တင်ဝင်းကိုတော့ လိုက်ရှာနေတုန်းပါ၊ ကျွန်တော်တို့ ရှာဖွေတွေ့ရှိပြီးမှ  အရေးယူဆောင်ရွက်မှုတွေ လုပ်ရမှာပါ” ဟု ဒုစခန်းမှူး ဦးစိန်ထွန်းဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဇူလှိုင်လ ပထမအပတ်က ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီသည် ရခိုင်ရေဘေးအတွက် ကျပ်သိန်း ၈၆၄ သိန်း ကူညီထောက်ပံ့ပေးခဲ့သည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...