အသက် ၂၅ နှစ်မှ ၃ဝ ကြားဟုယူဆရသည့်အဆိုပါဆင်သည် ဇူလိုင်လ ၁၅ ရက်နေ့က ဂွ-ငသိုင်းချောင်းလမ်းရှိ ၁၁ မိုင်ကျေးရွာ ငထွေးချောင်းဖျားတွင် အဆိပ်လူးမြှားဖြင့်ပစ်ခတ်ခြင်းခံခဲ့ရပြီးနောက် သတ်ဖြတ်သူများက ဆင်၏ အရေခွံကို အပိုင်းလိုက် ခွာယူသည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်ဟု ဂွမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ ပြောသည်။
“အဲဒီဆင်ကို သွားရောက်စစ်ဆေးခဲ့တဲ့ ဆင်ဘေးမဲ့ ဦးစီးမှူး ဦးစန်းလွင်ကိုယ်တိုင် ကျနော်တို့ဆီကို ဒီကနေ့ လာတိုင်ပါတယ်။ ဘယ်သူတွေကသတ်သွားလဲဆိုတာ စစ်ဆေးအရေးယူပေးဖို့ပေ့ါ။ ကျနော်တို့ဘက်ကလည်း တောထဲမှာ သားကောင်တွေ ရှာလေ့ရှာထရှိသူတွေကို စစ်ဆေးပြီး မသင်္ကာစရာတွေနဲ့ ခိုင်လုံတဲ့ အထောက်အထား တွေရှိရင် ဖမ်းဆီးအရေးယူသွားမှာဖြစ်ပါတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ယခုအသတ်ခံရသည့်ဆင်အား ဂွမြို့နယ်သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတို့ သွားရောက် စစ်ဆေးခဲ့ရာတွင် အဆိုပါဆင်၏ကျောကုန်းပေါ်မှ အဆိပ်လူးမြှားဖြင့်ထိမှန်ထားသော ဒဏ်ရာ (၁)ချက်နှင့် ကျောကုန်းပေါ်မှ အရေခွံတချို့ကိုခွာချထားသည်ကိုတွေ့ရှိခဲ့သည်ဟုဆိုသည်။
“အစွယ်တော့ ဖြတ်မသွားဘူး။ ကျနော်တို့ မနေ့က သတင်းရတာနဲ့သွားစစ်တော့ မုဆိုးတွေက အစွယ်ဖြတ်ချိန်ရခဲ့ဟန်မတူဘူး”ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
ဂွမြို့နယ်ရှိ ရခိုင်ရိုးမတော၌ မိုးတွင်းကာလများတွင် ယခုကဲ့သို့ဖြစ်စဉ်မျိုးဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်စဉ်အား တောရိုင်းတိရစ ္ဆာန်များကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃၇(က)ဖြင့် အမှုဖွင့်ထားကြောင်းလည်း ဂွမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။







