ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ALP မှ ဦးဆောင်၍ စစ်တွေတွင်ပြုလုပ်

ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ALP မှ ဦးဆောင်၍ စစ်တွေတွင်ပြုလုပ်
by -
နိရဥ္စရာ
ဖက်ဒရယ်နှင့် ငြိ်မ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ( ALP) မှ စစ်တွေမြို့ River Valley တွင် ဦးဆောင်ကျင်းပ  ပြုလုပ် လျက်ရှိသည်ဟု သတင်းရရှိသည်။

“NCA လက်မှတ် ရေးထိုးပြီးနောက်ပိုင်းမှာ အနာဂတ်ဖက်ဒရယ်ကိစ္စကို ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲကနေ တဆင့် သွားရမှာဖြစ်တဲ့အတွက် အဲ့ဒီကိစ္စတွေကို နားမလည်ဘဲနဲ့ ကျနော်တို့ ဖက်ဒရယ်အဆင့်ကို သွားလို့ မရနိုင်ဘူး။ အဲ့ဒါကြောင့် ဒီကိစ္စရပ်တွေကို စနစ်တကျ နားလည်ပြီးမှ ကျနော်တို့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲက တဆင့် ဖက်ဒရယ်ကို သွားမယ့်နေရာမှာ ဖယ်ဒရယ်ကို ဘယ်လိုသွားမလဲဆိုတာတွေကို ကိုယ့်ပါတီဝင်တွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ ပိုမိုနားလည်စေချင် တဲ့အတွက် ဒီအလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ပါတယ်ဟု ” ALP  ဗဟိုကော်မတီဝင် ခိုင်မြင့်ခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သင်တန်းဆရာတစ်ဦးဖြစ်သူ ချင်းအမျိုးသား Moses C.Tehlo ကလည်း “ဖက်ဒရယ်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပထမအနေနဲ့ မြန်မာနိုင်ငံတော်အစိုးရတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ စာချုပ်ချုပ်ဆိုထားတဲ့ နိုင်ငံလုံးဆိုင်းရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်အကြောင်း သင်ကြား ပေးမယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေမှာ အမျိုးသမီးတွေ ပါ၀င်မှုအခြေအနေနဲ့ ဖက်ဒရယ် အကြောင်းနဲ့ ပတ်သက်ပြီး ဗဟိုနဲ့ပြည်နယ်အစိုးရတွေ အာဏာခွဲဝေမှု၊ ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ အထက် လွှတ်တော်ကို ဘယ်လိုအခန်းကဏ္ဍက ထားရှိမလဲ နဲ့ အမျိုးသမီးနဲ့ အမျိုးသား တန်းတူရေး အကြောင်းတွေ၊ ပြည်နယ်တွေကို ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအတိုင်း ပြန်လည်ဖွဲ့စည်းသင့်တယ်၊ ဘာကြောင့် ဖွဲ့စည်းသင့်တယ်ဆိုတာတွေ၊ အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ် ဆန်သလား၊ တပြည်ထောင် ဆန်သလားနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု သဘောသဘာဝ တွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု  နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

ယခုပြုလုပ်နေသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ALP/ALA မှ အဖွဲ့ဝင်များ၊ ရခိုင်အမျိုးသမီးအစည်းအရုံးနှင့် အခြားလူမှု အဖွဲ့အစည်းများမှ လူပေါင်း ၄၀ ကျော်တက်ရောက် လျက်ရှိသည်။

ရခိုင်အမျိုးသမီးအစည်းအရုံးမှ Political Empowerment Program Coordinator စောသန္တာစိုးပြည့်ကလဲ

 “ဒီမနက်မှာတော့ NCA စာချုပ်ထဲမှာ ပါတဲ့ အခန်း ရ ခန်းနဲ့ ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးပါတယ်။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းနဲ့ ဒီအလုပ်ရုံဆွေးပွဲက ရရှိလာမယ့် အတွေးအခေါ် ဗဟုသုတတွေကို ဘယ်လိုဆက်စပ် လုပ်ဆောင်သွားမလဲ ဆိုလို့ရှိရင် ပုံမှန်ကိုယ်တိုင် သိရှိထားတွေ အပြင် အခုဖက်ဒရယ်နဲ့ ပတ်သက်ပြီးတော့ သိရမယ်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သကပြီးတော့ သိရမယ်၊ ဒီအကြောင်းအရာ တွေဟာ လူတိုင်းသိထားသင့်တဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ နောက်တစ်ခု ကျမလုပ်နေတာက နိုင်ငံရေးစွမ်းအား မြှင့်တင်ရေးအစီအစဉ် ဖြစ်တဲ့အတွက် အမျိုးသမီးတွေကို နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေး အစီအစဉ်တွေမှာ ပြန်ပြီးအသုံးချလို့ ရသွားနိုင်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးနှင့်စည်းရုံးရေးဌာန ရုံးတာဝန်ခံ ခိုင်အောင်လင်းကလည်း နှစ်ဘက်တပ်မတော်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကာလကို သွားနေသည့် ကာလဖြစ်သည့် အတွက် နှစ်ဘက်တပ်ပိုင်းဆိုင်ရာအနေဖြင့် NCA နှင့် ပတ်သက်၍ အချက်အလက်များကို သိသင့်ပြီး လိုက်နာ ဆောင်ရွက်သင့်သည့်အတွက် ယခု အလုပ်ရုံဆွေးနွေးပွဲသည် သူ့လုပ်ငန်းအတွက် အများကြီး အထောက်အကူ ပြုလိမ့်မည်ဟု ဆိုသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ခိုင်သင်္ဂီထွန်းကလည်း လူငယ်တစ်ယောက် အနေဖြင့် သိထားသင့်သည်ဟု ယုံကြည်၍တက်ရောက်လာခြင်း ဖြစ်သည်ဟု ပြောသည်။

“ကျမက လူငယ်တစ်ယောက်ဆိုတော့ ကိုယ့်အတွက်လည်း ဗဟုသုတလည်းရချင်တယ်။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တယ်၊ NCA နဲ့လည်း သက်ဆိုင်တယ်။ တိုင်းရင်းသား တစ်ယောက်အနေနဲ့လည်း ဒီလို အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်သင့်တယ်လို့ ထင်တဲ့အတွက် လာရောက် တက်ရောက်တာဖြစ်ပါတယ်”ဟု ဆိုသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် နှစ်ဘက်တပ် နေရာချထားရေးနှင့် နယ်နိမိတ်သတ်မှတ်ရေး၊ နှစ်ဘက်တပ်က ပြည်သူကို အကာအကွယ်ပေးရေး၊ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း စသည့် အများနှင့် သက်ဆိုင်သည့်နေရာများတွင် တပ်နေရာမချထားရေးအပါအဝင် ပြည်သူများ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက နှစ်ဘက်တပ်များ ပူးပေါင်းပြီး အကူအညီပေးရေး ဆိုင်ရာ အချက်အလက်များကိုလည်း ဆွေးနွေးပို့ချလျက်ရှိသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီသည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...