ထူးချွန်စွာ အောင်မြင်သူများကို ဂုဏ်ပြုခြင်းနှင့် အခြားသူများက အားကျအတုယူစေရန် ဆုပေးပွဲကို ပြုလုပ်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
“ထူးထူးချွန်စွာအောင်မြင်ကြတဲ့ ကလေးတွေကို ဂုဏ်ပြုချင်တာရယ်၊ နောက်ပြီးတော့ သူတို့ကို ကြည့်ပြီးတော့ ကျန်တဲ့ကလေးတွေ အားကျပြီးတော့ ကြိုးစားစေချင်တာရယ်၊ နောက်တစ်ချက်က ကျနော်တို့ ရခိုင့်အနာဂတ်အတွက် ဦးဆောင်ဖို့၊ ကျနော်တို့ နေရာတွေမှာ အစားဝင်လာနိုင်မယ့် ကလေးတွေကို ကြိုးစားစေချင်တဲ့အတွက် ဒီလိုမျိုးဆုချီးမြှင့် ရခြင်းဖြစ်ပါတယ်”ဟု သူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းသို့ ဆုချီးမြှင့်ရာတွင် ၆ ဘာသာ ဂုဏ်ထူးတစ်ဦးကို ကျပ်သိန်း၂၀၊ ၅ ဘာသာ တစ်ဦးကို ၁၀ သိန်းကျပ်၊ ၄ ဘာသာတစ်ဦးကို ၃ သိန်းကျပ်၊ ၂ ဘာသာတစ်ဦးကို ၁ သိန်းကျပ်နှင့် ၁ ဘာသာတစ်ဦးကို ၅ သောင်းကျပ် အသီးသီးချီးမြှင့်ခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရက ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခြင်းအပေါ် ကျေးဇူးတင်ကြောင်းနှင့် ဆုငွေသည် မိမိပညာသင်ကြားရာတွင် အထောက်အပံ့ဖြစ်နိုင်ကြောင်း နှင့် မိသားစုအတွက်လည်း အထောက်အကူပြုနိုင်ကြောင်း ၆ ဘာသာ ဂုဏ်ထူးရှင် ကျောင်းသူနှစ်ဦးဖြစ်သည့် မမြတ်နိုးခင်နှင့် မစုကေခိုင်တို့က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ပေါက်တောမြို့မှ ၅ ဘာသာဂုဏ်ထူးရှင် မမြတ်ဇင်နွယ်နှင့် မခင်ခင်ချောကလည်း “ဆုချီးမြှင့်ပေးတဲ့ ပြည်နယ်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးဆုချီးမြှင့်ပေးတဲ့အတွက် နောက်သင်ယူကြမယ့် ကျောင်းသားတွေအတွက် ကြိုးစားစေချင်တဲ့ စိတ်ဓါတ်တွေ ဖြစ်ပေါ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဆိုသည်။
ယင်းအပြင် ရခိုင်ပြည်နယ်တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသောကျောင်းသူ ကျောင်သားများ၊ အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် မြို့နယ်၊ အောင်ချက်အကောင်းဆုံး ကျောင်းနှင့် ၆ ဘာသာ ဂုဏ်ထူးထွက်ကျောင်းမှ ဆရာ ဆရာမများကိုလည်း ဆုချီးမြှင့်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ပထမဆုရရှိသောကျောင်းသားမှာ စစ်တွေ အထက ၂ မှ မောင်အောင်ချစ်စံ၊ ဒုတိယဆုကို စစ်တွေ အထက ၂ မှ မစုကေခိုင်နှင့် တတိယ ဆုကို ပေါက်တော အထက မှ မောင်ကျော်ဝင်းထွန်းတို့ ရရှိခဲ့ကြသည်။
အောင်ချက်အကောင်းဆုံးမြို့နယ်မှာ ပေါက်တော၊ ဒုတိယ မင်းပြားနှင့် တတိယ ရမ်းဗြဲတို့ ဖြစ်သည်။ အောင်ချက်အကောင်းဆုံးကျောင်းမှာ အထက ၂ စစ်တွေ၊ ဒုတိယမှာ အထက ၁ သံတွဲနှင့် တတိယမှာ အထက ပေါက်တောတို့ဖြစ်သည်။
မြို့နယ်အဆင့် ပထမဆုကို ၁၀ သိန်းကျပ်၊ ဒုတိယဆုကို ရ သိန်းကျပ်နှင့် တတိယဆုကို ၅ သိန်းကျပ်၊ ကျောင်းအဆင့် ပထမဆုကို ၅ သိန်းကျပ်၊ ဒုတိယဆုကို ၃ သိန်းကျပ်နှင့် တတိယဆုကို ၂ သိန်းကျပ်၊ ပြည်နယ်တွင် ပထမဆုရရှိသည့်ကျောင်းသားကို ၅ သိန်းကျပ်၊ ဒုတိယဆုကို ၃ သိန်းကျပ်နှင့် တတိယဆု ကို ၂ သိန်းကျပ်၊ ၆ ဘာသာဂုဏ်ထူးရကျောင်းမှ ဆရာ ဆရာမတစ်ဦးကို ၁ သိန်းကျပ်နှင့် ကျောင်းတစ်ကျောင်းကို ၁ သိန်းကျပ်စီ ချီးမြှင့်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ပထမဆုရရှိသည့် ကျောင်းသား မောင်အောင်ချစ်စံက ဆုရကျောင်းသူကျောင်းသားများ ကိုယ်စား ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။
“ကျနော်ကြိုးစားလို့ ရရှိတဲ့ဆု ဖြစ်တဲ့အတွက်ကြောင့် ဂုဏ်ထူး ၆ ဘာသာ ရရှိခြင်းဟာ ထိုက်တန်စွာရရှိတာ ဖြစ်ပါတယ်လို့ ဂုဏ်ယူနေမိပါတယ်။ ကျနော် တက္ကသိုလ်ဝင်တန်း တစ်ခုတည်းမှာ မဟုတ်ဘဲ မူလတန်း အဆင့်ကတည်းက စပြီးတော့ကြိုးစား လာခဲ့တာဖြစ်ပါတယ်။ အတန်းတိုင်းမှာ တစ်ရက်စာကို တစ်ရက် ကြေညက်အောင် လုပ်ပါတယ်။ အဲ့ဒီအကျင့်ဟာ တက္ကသိုလ်ဝင်တန်းအထိ ပါလာပါတယ်”ဟု မောင်အောင်ချစ်စံ က ပြောသည်။
ဆုပေးပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ပြီး ၁၁ နာရီတွင် ပြီးဆုံးခဲ့သည်။
ဆုပေးပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ ရခိုင်ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူး၊ တက္ကသိုလ်ကျောင်းအုပ်ကြီး အပါအဝင် ဆရာ ဆရာမများ၊ ဆုရကျောင်းသူ ကျောင်းသူ ကျောင်းသားများနှင့် အုပ်ထိန်းသူများအပါ၀င် လူပေါင်း ရ၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရခိုင်နာမည်ကြီးအဆိုတော် ၀င်းကိုခိုင်သီဆိုထားသည့် မဟာနွယ်သီချင်းဖြင့် ဖျော်ဖြေပြီး စစ်တွေ အထက ၁ မှ ကျောင်းသူများက နောက်ခံအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။







