ပရဟိတလူငယ်များ(စစ်တွေ)မှ ကျောင်းသား ၁၀၀ နီးပါးကို ပညာသင် ထောက်ပံ့ကြေးပေးအပ်

ပရဟိတလူငယ်များ(စစ်တွေ)မှ ကျောင်းသား ၁၀၀ နီးပါးကို ပညာသင် ထောက်ပံ့ကြေးပေးအပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြ်ို့အခြေစိုက် ပရဟိတလူငယ်များ စစ်တွေအဖွဲ့မှ ကျောင်းစရိတ် မတတ်နိုင်သော မိသားစုမှ ကျောင်းသူကျောင်းသားများကို လစဉ် ပညာသင် ထောက်ပံ့ ကြေးများ ပေးအပ်လျက်ရှိရာ ဇူလိုင်လ ၁၁ ရက်နေ့တွင် စစ်တွေမြို့ မင်းဒရားချိတ် ရပ်ကွက် ဝေဠုဝန်ကျောင်းရှိ ကျောင်းသား ၄၁ ယောက်အပါအဝင် ကျောင်းသား ၈၄ ယောက်အတွက် ထောက်ပံ့ကြေးပေးအပ်ခဲ့သည်ဟု သိရသည်။

မူလတန်းမှ အထက်တန်းထိ ကျောင်းသူကျောင်းသားတစ်ယောက်အတွက် လစဉ် ရ၀၀၀ ကျပ် နှုန်းဖြင့် ထောက်ပံ့သည့်အပြင် ကျောင်းဝတ်စုံနှင့် ကျောင်းသင်ထောက်ကူ ပစ္စည်းများကို ကူညီလျက်ရှိသည်ဟု သိရသည်။

“ကျနော်တို့ ပရဟိတလူငယ်များ စစ်တွေအဖွဲ့အနေနဲ့ မူလတန်းကနေ အထက်တန်းထိ ကျောင်းသားတစ်ယောက်ကို ရ၀၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့တဲ့အပြင် သူတို့အတွက် ကျောင်းဝတ်စုံ၊ လွယ်အိတ်နဲ့ ကျောင်းသင်ထောက်ကူ ပစ္စည်းအားလုံးအတွက် အကူ အညီထောက်ပံ့ ပေးအပ်ပါတယ်။ အဖေအမေတွေကတော့ ကျောင်းထား ပေးနိုင် ပေမယ့် ကျောင်းစရိတ်မတတ်နိုင်တဲ့ မိသားစုတွေထဲက ကျောင်းသားတွေကို ထောက်ပံ့ တာပါ” ဟု ပရဟိတလူငယ်များအဖွဲ့ စစ်တွေ အတွင်းရေးမှူး ကိုလင်းအိမ်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

စစ်တွေမြို့ရှိ ဝေဠုဝန်ကျောင်း၊ မြောက်ဦးမြို့ရှိ ငွေတောင်ပေါက်ကျောင်းနှင့် ကျောက်တော်မြို့ရှိ ငှက်ပျောချောင်း ကျောင်းမှ ကျောင်းသူ ကျောင်းသား ၈၄ ဦးကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် လစဉ်ပုံမှန် ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင်လည်း ကျောင်းသား ၅၁ ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် တက္ကသိုလ်ဝင်တန်းကျောင်းသား နှစ်ယောက်အတွက် လစဉ် တစ်လကို ငါးသောင်းနှုန်းနှင့် တက္ကသိုလ်ကျောင်းသူနှစ်ယောက်အတွက် လစဉ် တစ်လကို ရှစ်သောင်း ကျပ်နှုန်းဖြင့်လည်း ထောက်ပံ့ပေးထားလျက် ရှိနေကြောင်း ကိုလင်းအိမ်ကပြောသည်။

လက်ရှိအချိန်အထိ ပရဟိတလူငယ်များ စစ်တွေအဖွဲ့မှ မြောက်ဦးမြို့နယ် မိုးဟင်းကျေးရွာတွင် စသင်ကျောင်း တစ်ကျောင်းနှင့် စစ်တွေမြို့ မင်းဒရားချိတ် ရပ်ကွက်တွင် စာသင်ကျောင်း တစ်ကျောင်း ဆောက်လုပ် လှူဒါန်းထားပြီး ကလေးစင်တာတစ်ခု ထူထောင်ရန် နေရာတစ်ခု လိုက်ရှာနေကြောင်း၊ ယင်းကလေးစင်တာတွင် ကွန်ပျူတာနှင့် ပန်းချီများကို သင်ကြားပို့ချမည်ဖြစ်ပြီး၊ ကလေးများစိတ်ဝင်စားစရာ ပုံပြင်စာအုပ်များစုစည်းထားသည့် စာအုပ်စင်တစ်ခုလည်း ထားရှိမည်ဟု ဆိုသည်။

အဆိုပါ ပရဟိတလူငယ်များ စစ်တွေအဖွဲ့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး၊ ယင်းအဖွဲ့တွင် တက္ကသိုလ်ကျောင်းသားများ၊ နည်းပညာတက္ကသိုလ်မှ ကျောင်းသားများ၊  ရန်ကုန် နှင့် စစ်တွေမြို့ပေါ်မှ ပရဟိတလုပ်ငန်းကို စိတ်ဝင်စားသူ လူငယ်များပါ၀င်ပြီး အဖွဲ့၏ ဥက္ကဋ္ဌမှာ ဒေါက်တာကံထူးအောင်နှင့် အတွင်းရေးမှူးမှာ ကိုလင်းအိမ်ဖြစ်ကြောင်း သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...