မြောက်ဦးမြို့ထဲရှိ ချောင်းကို တူးဖေါ်ရန် ကော်မတီဖွဲ့

မြောက်ဦးမြို့ထဲရှိ ချောင်းကို တူးဖေါ်ရန် ကော်မတီဖွဲ့
by -
နိရဥ္စရာ
အစည်းအဝေးသို့ တက်ရောက်လာသော မြောက်ဦးဒေသခံများ
အစည်းအဝေးသို့ တက်ရောက်လာသော မြောက်ဦးဒေသခံများ
ရခိုင်ပြည်နယ် မြောက်ဦးမြို့သည် တန်ဖိုး မဖြတ်နိုင်သော သမိုင်းအမွေအနှစ်များ ပိုင်ဆိုင်ရာ ရှေးဟောင်း မြို့တော် တစ်ခု ဖြစ်သော်လည်း ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းရာမှ  နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ရေနစ်မြုပ်နေသဖြင့် မြို့ထဲရှိ ချောင်းကို တူးဖော်ရန် မြောက်ဦး ဒေသခံများက စီစဉ်နေသည်ဟု သိရသည်။

ချောင်းကို တူးဖော်ရန် ပထမ ခြေလှမ်း အဖြစ် ချောင်းတူးဖော်ရေး ကော်မတီတစ်ရပ်ကို အဖွဲ့ဝင် (၇၀) ဖြင့်  ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

၎င်းကော်မတီကို မြောက်ဦးမြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့၌ ပြုလုပ်သော ရဟန်း သံဃာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ သမိုင်း ပညာရှင်များနှင့် မြို့နေလူထုများ တက်ရောက်သည့် အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

မြောက်ဦးမြို့သည် ၂၀၁၅ ခုနှစ်က စပြီး ရေကြီး ရေလျှံ ဖြစ်မှုကို အကြီးအကျယ် ခံခဲ့ရပြီး ယင်းသို့ ရေကြီးခဲ့ခြင်းမှာ လေးမြို့မြစ်ရေ လျှံထွက်မှုနှင့် မြို့တွင်း ချောင်းများ ကျဉ်းမြောင်း တိမ်ကောလာရာမှ ဖြစ်ရသည်ဟု အများက သုံးသပ်ခဲ့ကြသည်။

“ဒီနေ့အစည်းအဝေးမှာ ကျနော်တို့ အဓိက ဆွေးနွေးခဲ့ကြတာတွေကတော့ မြောက်ဦးမြို့မှာ တစ်ခါမှ မကြံုဖူးခဲ့ကြတဲ့ ရေကြီးမှုဒဏ်ကို ၂၀၁၅ ကတည်းက စပြီးရင်ဆိုင်လာခဲ့ရတယ် ဆိုတဲ့အကြောင်းရယ်၊ ဒီနှစ်မှာလည်း မနှစ်ကလောက်ထိ ရေမကြီးခဲ့ပေမယ့် ထပ်ပြီးတော့ ရေကြီးမှုကို ရင်ဆိုင်ရပြန်ပါတယ်။ ဒီလို မျိုးရေကြီးရတာကတော့ လေးမြို့မြစ်ရေ ရေလျှံမှုကြောင့် ဖြစ်ပေါ်ရတယ်လို့ သုံးသပ်ကြပါတယ်။ ဟိုးအရင်တုန်းက ရှိနေခဲ့တဲ့ ချောင်းမြောင်းတွေ တိမ်ကောလာမှုနဲ့ လူတွေက စည်းမဲ့ကမ်းမဲ့ ကျူးကျော်ပြီး အိမ်ဆောက် လာတာကြောင့် ဒီလိုရေလျှံမှု ဖြစ်ပေါ်လာတယ်လို့ သုံးသပ်ကြပါတယ်”ဟု ကော်မတီတွင် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မည့် မြောက်ဦးမြို့နယ် နာရေး အသင်း ဥက္ကဋ္ဌ ဦးဦးမောင်သန်းက ပြောသည်။

မြောက်ဦးမြို့ကို ယခု ရစ်ပတ်ဝိုင်းခွေ စီးဆင်းနေသည့် ချောင်းမှာ ယခင် ရခိုင် မင်းနေပြည်တော် ဖြစ်ကစဉ် ကျံုးဖြစ်ပြီး ရန်သူများအား ၀င်မလာစေရန် စနစ်တကျ ပြုပြင် တူးဖော်ထားသော ရေကျံုး အဖြစ် တည်ရှိခဲ့သည်ဟု သိရသည်။

ယခုအခါ စည်ပင်မှ စနစ်တကျ အမှိုက်မသိမ်းရာမှ ဒေသခံများက ချောင်းထဲသို့ အမှိုက်များ သွန်ချခြင်း၊ ချောင်းကမ်းနားရှိ အိမ်များမှ အမှိုက်များဖို့ပြီး နေအိမ်ခြံဝင်းကို တိုးချဲ့ခြင်း၊ အိမ်ဆောက်ခြင်းတို့ ပြုလုပ်ရာမှ ချောင်းမှာ တိမ်ကော ကျဉ်းမြောင်းလာပြီး မိုးရာသီတွင် နှစ်စဉ် နှစ်တိုင်းလိုလို မြို့ကို ရေမြုပ်နေသည်ဟု သိရသည်။

မြောက်ဦး မြို့ထဲတွင် စီးဆင်းနေသည့် ချောင်းများမှာ ကံလှချောင်း၊ မဟိန်ဂျီချောင်း၊ ငွေတောင်ပေါက်ဘက်ကချောင်းနှင့် နောက် လေးမြို့မြစ်ဘက်က စီးဆင်းသည့် ပေါင်းတုတ်ချောင်းများဖြစ်ကြပြီးယင်းချောင်းများကို တူးဖေါ်သွားမည်ဟု ဆိုသည်။

ချောင်းကို ပြန်လည် တူးဖော်ရန် အတွက် တိုးချဲ့အိမ်နေရာများကို နဂိုနေရာသို့  ပြန်နောက်ဆုတ်ပေးရန် ဆောင်ရွက်မည်ဟု အစည်းအဝေးက ဆုံးဖြတ်ခဲ့သော်လည်း မည်သူ့မျက်နာကို မထောက်ဘဲ အများကောင်းကျိုး၊ မြို့ကောင်းကျိုးကို ရည်မျှော်ပြီး သတ္တိရှိရှိ လုပ်ဆောင်ပါမှ ချောင်းပြန်လည် တူးဖော်ရေးမှာ အောင်မြင်နိုင်မည်ဟု  မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။

ချောင်းတူးဖော်ရေး  ဦးဆောင်ကော်မတီတွင် ရဟန်းသံဃာများနှင့်  လွှတ်တော် ကိုယ်စားလှယ်များက နာယက အဖြစ် ပါ၀င်ပြီး၊ ပခေါင်းဆောင်နှစ်ဦးမှာ ဦးစောရွှေမောင် (ဆောက်လုပ်ရေး အင်ဂျင်နီယာ အငြိမ်းစား)နှင့် ဒေါက်တာ အေးမောင်ဇံတို့ ဖြစ်ကြသည်။

ဒုခေါင်းဆောင်နှစ်ဦးမှာ ဦးဦးမောင်သန်း (မြောက်ဦးနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ) နှင့် ဦးမောင်သန်းမြင့် (ကုန်သွယ်လယ်ယာ အငြိမ်းစားမန်နေဂျာ) တို့ဖြစ်ပြီး သမိုင်းပညာရှင်များ အပါအဝင် ကော်မတီတွင် စုစုပေါင်းအဖွဲ့ဝင် ရ၀ ဦးပါရှိသည်ဟု သိရသည်။

အဆိုပါကော်မတီသည်  ကွင်းဆင်းလေ့လာမှုများကို ပြုလုပ်ပြီး စာတမ်း တစ်စောင်ပြုစုကာ သက်ဆိုင်ရာ ခရိုင်၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် နိုင်ငံတော်သမ္မတထိ တင်ပြသွားမည်ဖြစ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း သက်ဆိုင်ရာလွှတ်တော်တွင် အဆိုတစ်ရပ်အနေဖြင့် တင်သွင်းရန် စီစဉ်သွားမည်ဖြစ်သည်။

အစည်းအဝေးတက်ရောက်ခဲ့သည့် မြို့ခံတစ်ဦးဖြစ်သူ ဆရာမရွှေလာကလဲ “ဒီနေ့အစည်းအဝေးကတော့ ချောင်းတိမ်ကောတာတွေကို ပြန်လည်တူးဖေါ်ဖို့ရယ်၊ ချောင်းကို တူးဖေါ်တဲ့နေရာမှာ တိုးချဲ့အိမ်ရာတွေကို မြေစာရင်းအတိုင်းပဲ သူတို့ အမှန်တကယ်ပိုင်ဆိုင်တဲ့ မြေနေရာအထိ သတ်မှတ်ပြီးတော့ တူးဖေါ်မယ်လို့ ဆုံးဖြတ် ခဲ့ကြပါတယ်။ အစည်းအဝေးက ထွက်လာတဲ့ ဆုံးဖြတ်ချက်တွေကို လက်တွေ့ ဖေါ်ဖြစ်မယ်ဆိုရင်ကောင်းပါတယ်။ အမှန်တကယ်လည်း အကောင်အထည် ဖေါ်ဖြစ်စေချင် ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းသို့ အကောင်အထည်ဖေါ်မည့် လုပ်ငန်းအစီအစဉ်များကို တက်ရောက်လာသည့် မြို့နယ်လူထုကလည်း တခဲနက် ထောက်ခံ ခဲကြသည်ဟု ဆိုသည်။

အစည်းအဝေးကို နန်းသားကန်ဓမ္မရုံတွင် ပြုလုပ်ခဲ့ပြီး နေ့လည် ၁ နာရီခွဲမှ စတင်ကာ ညနေ ၅ နာရီခန့်တွင် ပြီးဆုံးခဲ့သည်ဟု သိရသည်။

အစည်းအဝေးသို့ လူ ၁၀၀၀ ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...