ရေကြီးရေလျှံမှုကြောင့် မြောက်ဦးခရိုင်တွင် လယ်မြေဧက ၄၀၀၀ ကျော် နစ်မြုပ်ခဲ့ဟု ပြည်နယ် အစိုးရပြော

ရေကြီးရေလျှံမှုကြောင့် မြောက်ဦးခရိုင်တွင် လယ်မြေဧက ၄၀၀၀ ကျော် နစ်မြုပ်ခဲ့ဟု ပြည်နယ် အစိုးရပြော
by -
နိရဥ္စရာ
မင်းပြား သတင်းဌာန
မင်းပြား သတင်းဌာန
ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ မြောက်ဦးခရိုင်တွင် လယ်မြေဧက ၄၀၀၀ ကျော် နစ်မြုပ် ခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

သူက “မကြာသေးခင် ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် မြောက်ဦးခရိုင်မှာ လယ်ဧက ၄၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ရပါတယ်။ ဒါရေမြုပ်တာပဲ ဖြစ်ပါတယ် ပျက်စီးတာမဟုတ်ပါဘူး။ ပျက်စီးတဲ့ဟာ စာရင်း အပြည့်အဝကို တင်ပြဖို့မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားထားပါတယ်။ စာရင်းရရင်တော့ အပြည့်အဝကို ထုတ်ပြန် ပေးသွားပါမယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက်တွင် ပြောကြားသည်။

မြို့နယ်အလိုက် ရေလွှမ်းမိုးခံခဲ့ရသော လယ်ဧကများမှာ မြောက်ဦးမြို့နယ်တွင် ၁၀၂၆ ဧက၊ ကျောက်တော်မြို့နယ်တွင် ၁၈၁၆ ဧက၊ မင်းပြားမြို့နယ်တွင် ၂၀၃၀ ဧက၊ စုစုပေါင်း ၄၈၇၂ ဧက ရှိကြောင်း၊ ယင်းအထဲတွင် ပျိုးခင်းများ၊ ကြဲခါစ စပါးခင်းများနှင့် ထွန်ယက်ပြီးသား လယ်မြေများပါ၀င်သည်ဟု ဦးမင်းအောင်က ဆက်ပြောသည်။

စပါးခင်းများ၊ မျိုးစပါးများ ပျက်စီးဆုံးရှုံးသွားသော လယ်သမားများကို ကူညီရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် မျိုးစပါး တင်း ၁၀၀၀၀ အဆင့်သင့် ရှိနေပြီဟု ဆိုသည်။

ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ရေဘေးဒုက္ခသည်များကို ဇူလိုင်လိုင်လ ၅ ရက်နေ့မှ စတင် ကူညီခဲ့ပြီး ဇူလိုင်လ ရ ရက်နေ့ထိ ကျောက်တော်မြို့နယ်အတွက် ဆန်အိတ် ၃၀၀၊ မြောက်ဦးမြို့နယ်အတွက် ဆန်အိတ် ၃၀၀ နှင့် မင်းပြားမြို့နယ်အတွက် ဆန်အိတ် ရ၀၀ ကူညီထားပြီး ခန့်မှန်း ၁ လစာအတွက် လုံလောက်မည်ဟု ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။

ယနေ့ဇူလိုင်လ ၈ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ရဟတ်ယာဉ်ဖြင့် အမ်းမြို့နယ်ရှိ ရေဘေးဒုက္ခသည်များကို သွားရောက် ကူညီမည်ဟု သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်အစိုးရတွင် ရေဘေးအတွက် ကူညီရန် အရံဆန်အိတ် ၅၀၀၀ အဆင်သင့် ရှိနေပြီဖြစ်ကြောင်းပြောသည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင် နောက်ထပ်ရေကြီးမှုများ ထပ်မံ ဖြစ်ပေါ် လာနိုင်သေးသဖြင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်များရှိ ရေကြီးနိုင်သည့်  နေရာများတွင်တည်ရှိသော ဘုန်းတော်ကြီးကျောင်း ၈၆ ကျောင်းတွင် ထားရှိရန် မီးစက် ၈၆ လုံး၊ ရေစုပ်စက်ကြီး ၈၆ လုံး၊ ရေသန့်စက် ၈၆ လုံးနှင့် သောက်ရေများသိုလှောင်ရန် ဂါလံ ၅၀၀၀ ဆန့် ဖိုင်ဘာ ရေကန်များ ထားရှိနိုင်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြတောင်းဆိုထားပြီးဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူ ၁၄၀၀၀ ကျော် ရေဘေးဒဏ် ခံစားနေရသည်ဟု Xinhua သတင်းတစ်ပုဒ်တွင် ဖေါ်ပြထားသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...