Published
Monday, July 11, 2016
အပေါက်ဝကျေးရွာတွင် မြစ်ကမ်းပါးပြိုရာမှ ရှေးဟောင်းကျောက်ဆင်းတု စတုပါစေတီများ တွေ့ရှိ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် မြစ်ကမ်းပါးပြိုကျရာမှ ရှေးဟောင်းလက်ရာ ကျောက်ဆင်းတု စတုပါ စေတီငယ်များ၏ အစိတ်အပိုင်းယူဆရသည်များကို တွေ့ရှိခဲ့ကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောသည်။
၎င်းရှေးဟောင်း ပစ္စည်းများကို အပေါက်ဝ ကျေးရွာ ချောင်းဝရပ်ကွက်ရှိ ဦးမောင်သာလှ နေအိမ်ခြံဝင်း ကမ်းပါးပြိုကျရာမှ ယခုကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“အပြင်မှာ သတင်းတွေထွက်နေသလို ရ ရက်နေ့ကတွေ့တာမဟုတ်ပါဘူး။ ၅ ရက်နေ့ ကတည်း ကနေ ရေကြီးနေတဲ့အခါ ကမ်းပါးပြိုရာကနေ အခုလို တွေ့ရှိတာပါ။ ပလ္လင်ဆိုတာထက် စတုပါပုံစံပါပဲ ” ဟု အပေါက်ဝကျေးရွာမှ စာတိုက်မှူး ဦးမောင်လှရွှေက ပြောသည်။

ယခုရရှိခဲ့သည့်ပစ္စည်းများမှာ ကျောက်ဆင်းတုလက်ရာများဖြစ်ပြီး ကမ်းပြိုသည့် နေရာတွင် ဘုရားဆင်းတုတော်များရှိနိုင်/မရှိနိုင်ကို ဆက်လက် ရှာဖွေ နေသေးကြောင်းလည်း ဒေသခံများက ပြောသည်။







