ဖားကန့်မြို့ အနီး အစိုးရတပ်နှင့် KIA တပ်ရင်း (၆) တိုက်ပွဲ ပြန်ဖြစ်

ဖားကန့်မြို့ အနီး အစိုးရတပ်နှင့် KIA တပ်ရင်း (၆) တိုက်ပွဲ ပြန်ဖြစ်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် ကျောက်စိမ်းမှော် ဖားကန့်မြို့ အနီး ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၆) တပ်ဖွဲ့များနှင့် အစိုးရတပ်များ ဇူလိုင်လ ၆ ရက်နေ့ မနက်မှ စပြီး တို်က်ပွဲဖြစ်ပွားနေကြောင်း သိရပါသည်။

မြစ်ကြီးနား-ဖားကန့်လမ်း နန့်ယား (Nam Ya) နှင့် ဖားကန့် (Hpakan)ကြား ကပ်မော် (Kap Maw) ကျေးရွာ အလွန် ကွွမ်စိုင်ဇွမ် (Kum Tsai Zup) ကျေးရွာ အနီးရှိ KIA ကင်းစခန်းတခုကို အစိုးရတပ်ဘက်မှ စတင် စစ်ဆင် တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း KIA သတင်းများ ဆိုပါသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး KIO ဌာနချုပ်လိုင်ဇာ ပြန်ကြားရေးဌာန တာဝန်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူ က “တံတားညီနောင် ဘက်မှာ ဒီနေ့မနက် ၆ နာရီခွဲ ကစပြီး တိုက်ပွဲဖြစ်တယ်” ဟု ကချင်သတင်းဌာန KNG ကို အတည်ပြုပြောဆိုသည်။

အစိုးရတပ်ဘက်၌် ရှမ်းပြည်နယ်တောင်ပိုင်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ) လက်အောက်ခံ စကခ-၇ (ဖယ်ခုံ) ခလရ-၁၀၇ နှင့် ခမရ ၄၂၇ တို့ ပါ၀င်ကြောင်း သိရသည်။

တိုက်ပွဲမှာ မြန်မာစံတော်ချိန် ၁၀ နာရီဝန်းကျင်ခန့် အထိ ဆက်ဖြစ်နေကြောင်း ဒေသခံ သတင်းများအရ သိရပါသည်။

ပြီးခဲ့သည့် မေလ (၅) ရက်မှ စပြီး တစ်ပတ်ကျော်အထိ အစိုးရတပ်နှင့် နန့်ယား (Nam Ya) ရှမ်းနီပြည်သူ့စစ် အဖွဲ့တို့ပေါင်းပြီး KIA တပ်ရင်း (၆) ဌာနချုပ်ကို အင်အား အလုံးအရင်းနှင့် တိုက်ခိုက်လာသဖြင့် ၄င်းနေရာကို KIA အဖွဲ့များ ဆုတ်ခွာပေးလိုက်ပြီဖြစ်သည်။

ထို့အပြင် လိုင်ဇာ ဗဟိုဌာနချုပ် အနီး နမ့်ဆန်ယန် (Nam San Yang) တစ်ဝိုက်တွင်လည်း စစ်ရေး လှုပ်ရှားလာသည့် အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ ဇွန်လ (၂၅)မှ စပြီး ဇူလိုင် (၁) ရက်နေ့ အထိ လဇိန်ကောင်ရွာ (Lazing Kawng) အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက် ထိခိုက်သေဆုံးမှု ၁၅၀ ကျော် နိုင်ကြောင်း KIA ရှေ့တန်းသတင်းက ဆိုပါသည်။

အစိုးရသစ်မှ ပြုလုပ်နေသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ အားလုံး ပါဝင်သည့် ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကိုလည်း လာမည့် သြဂုတ်လတွင် ပြုလုပ်နို်င်ရန် ကြိုးစားနေချိန် ကချင်ဒေသများတွင် တိုက်ပွဲ အရှိန် မြင့်လာနေပါသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...