လက်ရှိ ရေကြီးရေလျှံမှု ဖြစ်နေသော မြို့နယ်များမှာ ကျောက်တော် ၊မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဍားကျွန်း မြို့နယ်များ ဖြစ်ကြပြီး တချို့ ကျေးရွာများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် နေကာ စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည်ဟု သိရသည်။
ကျောက်တော်မြို့နယ်တွင် ကျေးရွာတစ်ချို့ ရေနစ်နေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်နေကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေသူ ကျောက်တော် ဒေသခံ ကိုဇော်ဝင်းက နိရဥ္ဇရာသို့ ယနေ့ နံနက်က ပြောသည်။
“ကျွန်တော်တို့ ဒီမနက် စစ်တွေကို သွားတော့ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းကြားမှာ ကားလမ်းကို ရေကျော်နေတာတွေ များနေတဲ့ အတွက် ပြန်လှည့််လာရပါတယ်။ ကျွန်တော်တို့ တွေ့ခဲ့တဲ့ အနေအထားအရဆိုရင် ကျေးရွာ ၅ ရွာလောက် ရေမြုပ် နေတာကိုတွေ့ခဲ့ရပါတယ်။ အနည်းဆုံးတော့ ၁၀ ရွာကျော်လောက် ရေနစ်မြုပ်နေပြီလို့ သတင်းတွေ ရထားပါတယ်။ နီးစပ်ရာ ဘုန်းကြီးကျောင်း တွေကို ရွှေ့ပြောင်းမှုတွေလည်း ရှိနေတယ်လို့သိရပါတယ်” ဟု ကိုဇော်ဝင်းက ပြောသည်။

ယခုကဲ့သို့ ရခိုင်တွင် ရေကြီးရေလျှံ ဖြစ်နေခြင်းမှာ မိုးအဆက်မပြတ် တစ်ပတ်ခန့်ရွာသွန်းနေပြီး မြစ်ရေကြီးရာမှ ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း မြောက်ဦးမြို့မှ ဆရာ ဦးမောင်ကျော်ဇောက နိ်ရဥ္စရာသို့ ပြောသည်။
“ကျွန်တော်တို့ မြောက်ဦးမှာတော့ ဆင်ချဆိပ်၊ စပါးဆိပ်၊ ကြာက်ချာကျွန်း၊ ဘားဘူတောင် အဲဒီဘက်က ရွာတွေမှာ ရေကြီးနေကြပါပြီး။ အိမ်မြုပ်သွားတဲ့ သူတွေရှိသလို၊ မမြုပ်သေးတဲ့ အိမ်တွေလည်းရှိနေပါတယ်။ လေးမြို့ချောင်း ဖက်ကရော ရေတွေတက်နေပြီလို့ကြားပါတယ်။ နေလို့ အဆင်မပြေတော့တဲ့သူတွေက နီးစပ်ရာ ဘုန်းကြီးကျောင်း တွေမှာခိုလှုံနေကြတယ်လို့ သိရပါတယ်” ဟု ပြောသည်။
မင်းပြားမြို့နယ်တွင်လည်း မြို့ပေါ် ရပ်ကွက်များ အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်တွင် ရေကြီးနေပြီး ဒေသခံများ အနေဖြင့် နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် ကုန်းမြင့်ရာ နေရာများတွင် ခိုလှုံနေ ကြရကြောင်း မင်းပြားမြို့မှဦးသိန်းစံက နိရဥ္စရာသို့ ပြောသည်။
“ကျွန်တော်တို့ မင်းဖူး ရွာအနီး ရွာစဉ်တစ်လျှောက် ရေကြီးနေပါပြီ။ ပွဲရကန်ဆိပ်၊ ကလမတောင် နဲ့ အဲဒီ အနီးအနားရွာတွေမှာ ရေ ၄ ပေနီးပါးထိ မြင့်တက်နေပါပြီ။ မြိုပေါ်ရပ်ကွက်အချို့မှာလည်း ရေက ၃ ပေ နီးပါး ရေတက်နေပါပြီ။ မိုးဆက်ရွာပြီး မြစ်ရေ တက်လာရင် အခြေအနေ ပိုဆိုးနိုင်ပါတယ်” ဟု ဦးသိန်းစံက ပြောသည်။
ယခုကဲ့သို့ မိုးကြီး၍ မြစ်ရေကြီးမှုများကြောင့် တောင်ကျချောင်းရေများ တဟုန်ထိုး စီးဆင်းမှုများ ရှိနေပြီး မြစ်ကမ်း၊ ချောင်းကမ်း ဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် နေထိုင်သူများ အနေဖြင့် အထူးသတိထားရန် လိုအပ်နေကြောင်း သတင်းများ ရရှိသည်။







