ဇူလှိုင်လ ၂ ရက်နေ့က ရခိုင်သမိုင်းသုတေသနအဖွဲ့၏ အစည်းအဝေးတစ်ရပ်ကို စစ်တွေမြို့တွင် ပြုလုပ်ခဲ့ပြီး ရခိုင်သမိုင်းသုတေသန အဖွဲ့နှင့်ပတ်သက်၍ နိရဥ္စရာသတင်းဌာနက မေးမြန်းစဉ် ဆရာကြီးက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ရခိုင်သမိုင်းကို စိတ်ဝင်စားပြီးတော့ ရခိုင်သမိုင်းသုတေသနအဖွဲ့မှာ လုပ်နေကြတဲ့ လူတွေဟာ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးချို့တဲ့မှုတွေရှိနေကြတဲ့အတွက် သိပ်ပြီးတော့ အလုပ် မလုပ်နိုင်ကြတော့ဘူးလေ၊ သမိုင်းကို စိတ်ဝင်စားတဲ့ အခြားမျိုးဆက်သစ်တွေများ ပေါ်လာ မလားဆိုပြီးတော့ မျော်လင့်ချက်တွေ ရှိနေပါတယ်။ သုတေသန ပြုလုပ်နိုင်မယ့် လူငယ် မျိုးဆက်သစ်တွေကို ရခိုင်သမိုင်းသုတေသန အဖွဲ့မှာ ပါ၀င်လာစေချင်ပါတယ်”ဟု ဆိုသည်။
ရခိုင်သမိုင်းကို ရခိုင်လူငယ်များစိတ်ဝင်စားလာစေရန် မကြာသေးမီက ရခိုင်သမိုင်းအကြောင်းအရာ မေးခွန်းများကို ဖြေဆိုသည့် ရခိုင်သမိုင်းပြိုင်ပွဲတစ်ခုကို အဆင့်နှစ်ဆင့် ခွဲ၍လုပ်ပြီး ဆုများ ပေးအပ်ခဲ့သည်ဟု သိရသည်။
“ရခိုင်သမိုင်းကို ရခိုင်လူငယ်မျိုးဆက်သစ်တွေ စိတ်ဝင်စားမှု ရှိလာစေဖို့အတွက် ဆရာဦးအောင်လှသိန်း ပြုစုထားတဲ့ ရခိုင်သုတ အဘိဓာန်ထဲက ရခိုင်သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေကို ကောက်နှုတ်ပြီးတော့ စာ ၈ မျက်နှာပါတဲ့ စာအုပ်တွေဖြန့်ဝေပြီးတော့ ၁၀ တန်းနဲ့ အထက် အဆင့်ရယ်၊ နောက်ဆယ်တန်းအောက် အဆင့်ဆိုပြီးတော့ အဆင့်နှစ်ဆင့်ခွဲပြီးတော့ ပြိုင်ပွဲလုပ်ပြီးတော့ ပထမ၊ ဒုတိယ၊ တတိယနဲ့ အပိုဆုနှစ်ဆုစီ ချီးမြှင့်ခဲ့ပါတယ်”ဟု ဆရာကြီး ဦမောင်ဗသိန်းက ပြောသည်။
ဇူလှိုင်လ ၂ ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးသို့ အမေရိကန်နိုင်ငံ နယူးယောက်တွင် သီတင်း သုံးနေထိုင်သည့် ဆရာတော် ဒေါက်တာ နာယကလည်း တက်ရောက်ခဲ့သည်။
ဆရာတော်မှ စာမျက်နှာ ၄၀၀ ခန့်ပါသည့် ခေတ်မီ ရခိုင်သမိုင်းစာအုပ်တစ်အုပ် ကို ပြုစု ထုတ်ဝေမည် ဖြစ်ပြီး ကုန်ကျစရိတ်ကို ဆရာတော် တာဝန်ယူမည်ဖြစ်ကာ ၄င်းစာအုပ်ကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ တစ်ကမ္ဘာလုံးသို့ ဖြန့်ဝေသွားမည်ဟု မိန့်ကြားခဲ့ကြောင်း သိရသည်။
သူငယ်တန်းမှသည် အထက်တန်းအဆင့်ထိ အစိုးရကျောင်းများ၌ ရခိုင် လူမျိုးသမိုင်းကြောင်းကို အစိုးရကျောင်းများတွင် သင်ကြားပို့ချပေးစေလိုသည်ဟု ရခိုင်လူငယ်စာရေးဆရာ ကိုဝေဟင်အောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ရခိုင်သမိုင်းကို ရခိုင်လူငယ်တွေ စိတ်ဝင်စားလာစေချင်ရင် ကျောင်းသင်ခန်းစာထဲမှာ ထည့်သွင်း သင်ကြားပေးရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားလူငယ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် သူငယ်တန်းမှ အထက်တန်းအဆင့်ထိ မိမိတို့ လူမျိုးတွေရဲ့ သမိုင်းကြောင်းတွေကို ကျောင်းသင်ခန်းစာထဲမှာ ထည့်သွင်း သင်ကြားပေးရမှာဖြစ်ပါတယ်။ ကိုယ့်သမိုင်းကြောင်းကို သိကြမှ ကိုယ့်လူမျိုးအပေါ် ဂုဏ်ယူချင်တဲ့စိတ် ပေါ်ပေါက်လာပြီးတော့ ကြိုးစားချင်တဲ့ စိတ်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။
စစ်တွေတက္ကသိုလ်တွင် ပညာသင်ယူနေသူ တက္ကသိုလ် ကျောင်းသူတစ်ဦးကလည်း လူငယ်မျိုးဆက်သစ်များအနေဖြင့် စာအုပ်များကို ဖတ်ရှုမှု အားနည်းလာသော်လည်း ကိုယ်ဖတ်ချင်သည့် အကြောင်းအရာများကို ဖေ့စ်ဘုတ် စာမျက်နှာတွင် လေ့လာဖတ်ရှုမှု ပိုများသည်ဟု ဆိုသည်။
“ရခိုင်သမိုင်း အကြောင်းအရာတွေကို ရခိုင်လူငယ်တွေက အရင်တုန်းကနဲ့စာရင် ပိုပြီးတော့ စိတ်ဝင်စားလာကြပါတယ်။ အခုခေတ်မှာကတော့ စာအုပ်တွေကို သိပ်မဖတ်ကြတော့ဘူးလေ။ ဖေ့စ်ဘုတ်က page တွေကို like လုပ်ကြတယ်။ အဲ့ဒီ page တွေမှာပဲ ၀င်ပြီးတော့ ဖတ်ကြတာပါ။ တကူးတက စာအုပ်တွေ သွားဝယ်ပြီးတော့ မဖတ်ကြတော့ဘူးလေ။ ရခိုင်သမိုင်းကြောင်းကို စေ့စေ့စုံစုံ စနစ်တကျဖေါ်ပြထားတဲ့ page တစ်ခု လုပ်နိုင်မယ်ဆိုရင် ပိုကောင်းတာပေါ့”ဟု ဓါတုဗေဒ နောက်ဆုံးနှစ်ကျောင်းသူ မချိုချိုထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ရခိုင်သမိုင်း သုတေသနအဖွဲ့၏ ရည်ရွယ်ချက်မှာ ရခိုင်သမိုင်းနှင့် ပတ်သက်ပြီး တစ်ပိုင်တစ်နိုင် လေ့လာပြီး၊ အခြားသူများကလည်း ရခိုင်သမိုင်းကို လေ့လာဖြစ်အောင်၊ ပြုစုပျိုးထောင် လိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းအဖွဲ့ကို ဖွဲ့စည်းလာခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်းသိရသည်။







