"ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမယ့် အချိန်ကို ပြည်ထောင်စုလွှတ်တော်မှာ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ငါးလပိုင်းဆိုတာက လွှတ်တော်နာယကကြီးက ပြောထားတဲ့ အချိန်ပါ" ဟု ၎င်းက ဆိုသည်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ အပြီးတက်ရောက်လာသည့် အစိုးရသက်တမ်းသည်လည်း လေးနှစ်ကျော် အတွင်းသို့ ရောက်ရှှိနေပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်မူ တိကျသည့် ဆုံးဖြတ်ချက်များ ချမှတ်ထားခြင်း မရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ထံမှသိရသည်။
"ပြည်းလုံးကျွတ်ဆန္ဒခံယူပွဲကို ဘယ်အချိန်လုပ်မယ်ဆိုတာကို ပြည်ထောင်စုလွှတ်တော်က မဆုံးဖြတ်ရသေးဘူး၊ အားလုံးက ဆွေးနွေးလက်စတွေပဲရှိတယ်၊ ပြတ်အောင်လုပ်ထားတာမရှိဘူး။ မေလပိုင်းဆိုတာ နာယကရဲ့ တစ်သီးပုဂ္ဂလပြောဆိုမှုကို သိနေကြတာပါ" ဟု မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေလအတွင်း ကျင်းပသွားမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ကျင်းပသည့် သတင်းစားရှင်းလင်းပွဲတွင် ပြောကြာထားခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကိုလည်း ပြည်ထောင်စု လွှတ်တော်တွင် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၀တွင် အတည်ပြုကာ သမ္မထံသို့ ပေးပို့ခဲ့သည်။ သမ္မတဦးသိန်းစိန်ကမူ မည်သည့်သဘောထားမှတ်ချက် တစ်စုံတစ်ရာမျှ လွှတ်တော်တို့ ပြန်လည်ပေးပို့ထားခြင်းမရှိသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅ တွင် ပြည်ထောင်စုလွှတ်တော်က ပေးပို့သည့် ဥပဒေများကို သမ္မတက ၁၄ရက်အတွင်း သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး သတ်မှတ်အချိန်အတွင်း မပေးပို့ပါက ပြည်ထောင်စုလွှတ်တော်က မူလပြဌာန်းထားသည့်အတိုင်း အတည်ဖြစ်သည်ဟု ပါရှိထားသည်။
ပြည်ထောင်စုလွှတ်တော်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် ဆောင်ရွက်ရမည့် အချိန်ကာလတို့ကို သတ်မှတ်ပေးရမည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ ပုဒ်မ ၅ (က) တွင်ပြဌာန်းထားသည်။
ထို့အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို တစ်လကြိုတင် ထုတ်ပြန်ပေးရန်နှင့် မဲပေးနိုင်သူ စာရင်းကိုလည်း ၁၅ရက် ကြိုတင် ထုတ်ပြန်ပေးရမည်ဟု ပုဒ်မ ၄ တွင်ပါရှိသည်။
"ကျွန်တော်တို့ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ဖို့၊ ဘယ်အချိန်လုပ်ဖို့ဆိုတာကို လွှတ်တော်က အကြောင်း မကြားသေးပါဘူး" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးလှမောင်ချိုက ဧပြီ ၂၂ရက်တွင် မဇ္ဈိမကိုပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပေးနိုင်ရေးအတွက် လုံလောက်သည့် အချိန်လိုအပ်ဟု ဖေဖော်ဝါရီ ၁၈ ရက် PARK ROYAL ဟိုတယ်တွင် ကျင်းပသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ပြောထားသည်။
ဦးသိန်းစိန် အစိုးရနှင့် လွှတ်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟု အစိုးရအဖွဲ့နှင့် လွှတ်တော် တို့ကို တာဝန်ယူခဲ့သူများက ၎င်းတို့၏ သက်တမ်းအစတွင်ပင် ကတိပြုခဲ့သည်။ ယင်းကြောင့် ၂၀၁၂ခုနှစ် ရွေးကောက်ပွဲသို့ အတိုက်အခံအင်အားစုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဝင်ရောက်ရွေးချယ်ခံခဲ့ခြင်းဖြစ်သည်။







