သတင်းဌာနများအား ကူညီခဲ့သူ မုန်းကိုး ဒေသခံ နှစ်ဦးအား ထောင်ဒဏ်များ ချမှတ်

သတင်းဌာနများအား ကူညီခဲ့သူ မုန်းကိုး ဒေသခံ နှစ်ဦးအား ထောင်ဒဏ်များ ချမှတ်

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း မြန်မာ့တပ်မတော်မှ ဖမ်းဆီးအမှုဖွင့်ခံထားရသော မုံးကိုးဒေသခံ ကချင်နှစ်ခြင်းအသင်းတော်အမှုဆောင်နှစ်ဦးကို လားရှိုးမြို့ တရားရုုံးက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်လိုက်သည်။

“အပြီးသတ် စီရင်ချက်ချတာပါ၊ သင်းထောက် ဒီဒီနောင်လတ် (ဦးဒွမ်ဒေါ့နောင်လတ်)နဲ့ ဆရာလမ်ဂျော်ဂမ်ဆိုင်းကို အပြီးသတ် စီရင်ချက်ချလိုက်တယ်။ တီတီနောင်လတ်ကတော့ လေးနှစ်နဲ့သုံးလ၊ ဆရာလမ်ဂျော်ဂမ်ဆိုင်းကတော့ နှစ်နှစ်နဲ့ သုံးလ” ဟု လားရှိုးမြို့နယ် တရားရုံးတွင် အမှုအား သွားရောက်ကြားနာသူ တစ်ဦးကပြောသည်။

ဦးဒွမ်ဒေါ့နောင်လတ်အား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ တပ်မတော်အား ဂုဏ်သရေ ညှိုးနွမ်းစေ မှုဆိုင်ရာ ပြန်ဆက် ပုဒ်မ ၅၀၀၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ၃ လ ချမှတ်လိုက်ပြီး ဦးလမ်ဂျော်ဂမ်ဆိုင်းအား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ တို့ဖြင့် ထောင်ဒဏ် ၂ နှစ် ၃ လ စီဖြင့် အသီးသီးချမှတ်လိုက်ခြင်း ဖြစ်သည်ဟု တရားရုံးတွင် အမှုအား သွားရောက် ကြားနာသူက ဆက်ပြောသည်။

မူလက ၎င်းတို့ နှှစ်ဦးအား မတရားအသင်းပုဒ်မ ၁၇/၁၊ ပို့ကုန်သွင်းကုန် အက်ဥပဒေပုဒ်မ ၈ ဖြင့် နှစ်ဦးလုံးကို တရားစွဲဆိုခဲ့ပြီး နောက်ပိုင်းမှ ဦးဒွမ်ဒေါ့နောင်လတ်အား တပ်မတော်အား ဂုဏ်သရေ ညိုးနွမ်းစေမှုဆိုင်ရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ တစ်မှုဖြင့် တိုးမြှင့် တရားစွဲခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အမှုချမှတ်လိုက်သည့်အပေါ် ကချင်လူငယ်အဖွဲ့ KYO မှ မမိုင်းမိုင်က “မြန်မာနိုင်ငံမှာနေတဲ့ မြန်မာ နိုင်ငံသားတွေအနေနဲ့ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့မှ မတရားဘူး တရားတယ်လို့ ပြောခွင့်မရှိတဲ့ အနေအထားမှာ ရှိတယ်လို့ ခံစားရတယ်ပေ့ါနော်။ ပြီးရင် အဓိကတော့ ဘာဖြစ်လဲဆိုတော့ ဒီ မငြိမ်ချမ်းတဲ့နယ်မြေမှာ နယ်စပ်ဒေသ မှာရှိတဲ့ တိုင်းရင်းသားတွေ အနေနဲ့ ပိုပြီးမှ ခေါင်းစဉ်တပ်ရ နာမည်တပ်ရ လွယ်တဲ့ ဥပဒေကြားထဲမှာ နေနေရတာ ဖြစ်တယ်။ ထောင်နှုတ်ခမ်း ပေါ်မှာ လမ်းလျှောက်နေရတယ်လို့ အမြဲ တမ်းခံစားရတယ်။ ဘယ်အလုပ်ပဲ လုပ်လုပ် ပေါ့။ ပုဒ်မတပ်ဖို့အတွက် တစ်ခုမဟုတ်တစ်ခုရှိနေတဲ့အတွက် ဒီဥပဒေကို တရားတယ် မတရားတယ်ဆိုတာကတော့ ပြောစရာကိုမလိုတော့တဲ့ အနေအထားမှာရှိတယ်” ဟု ပြောသည်။

အဆိုပါ ပုုဂ္ဂိုလ်နှစ်ဦးသည် မုန်းကိုး တိုုက်ပွဲ ကာလအတွင်း သတင်းဌာနများအား အကူအညီများ ပေးခဲ့သည်ဟု သတင်းဌာနများက ပြောသည်။

ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့သည် မုံးကိုးမြို့ရှိ ကချင်နှစ် ခြင်းခရစ်ယာန်အသင်းတော်မှ အမှုတော်ဆောင်များဖြစ်ပြီး မုံးကိုး ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်သည် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ၏ လက်အောက်ရှိ အသင်းတော်ဖြစ်သည်။

ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က မုံးကိုးမြို့ ဗျူဟာကုန်အနီးတွင် ပျောက်ဆုံးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးအား မြန်မာ့တပ်မတော်မှ ကချင်လွတ်လပ် ရေး တပ်မတော်(KIA)အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်း ပေးခြင်း နှင့် မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထားသည်ဟု ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့သည် ပြီးခဲ့သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ မှ ၂၀၁၇ ဇန်နဝါရီ လဆန်းပိုင်း အထိ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာ မိတ်အဖွဲ့ဝင်များ ဖြစ်သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)တို့ ကြားတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...