ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း အောက်မေ့ဖွယ်နေ့ အခမ်းအနား ကျင်းပ

ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း အောက်မေ့ဖွယ်နေ့ အခမ်းအနား ကျင်းပ
(၃၉) နှစ်မြောက် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း အောက်မေ့ဖွယ် အခမ်းအနားများကို ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ပြည်တွင်း ပြည်ပ နေရာအများအပြားတွင် ကျင်းပခဲ့သည်။

ဇွန်လ ၄ရက်နေ့သည် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီနှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်အား တည်ထောင်ခဲ့သူ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း ချင်းပြည်နယ် တစ်နေရာတွင် ကျဆုံးသွားခဲ့သည့်  ၃၉ နှစ်မြောက် နေ့ ဖြစ်သည်။

“ ဒီနေ့က ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ အတွက်သာမက ရခိုင်တစ်မျိုးသားလုံးအတွက် အစားထိုးမရနိုင်တဲ့ ခေါင်းဆောင်ကြီး တစ်ဦးကျဆုံးနေ့ပါ။ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေး စွန့်လွတ်သွားခဲ့တဲ့ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းကို ဂုဏ်ပြတဲ့ အနေနဲ့ အိန္ဒိယ နယ်စပ် ပါတီ ဗဟိုဌာနချုပ်မှာရော၊ တစ်ခြား ပြည်တွင်း ပြည်ပ နေရအများအပြားမှာလည်း ဥက္ကဋ္ဌကြီး ခိုင်မိုးလင်းအောက်မေ့ဖွယ်နေ့ကို ကျင်းပခဲ့ကြပါတယ်” ဟု  ရခိုင်ပြည် လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေးဒုတာဝန်ခံ ခိုင်းမျိုးထွန်းက ပြောသည်။

၎င်းပြင် ခိုင်မျိုးထွန်းက ဥက္ကဋ္ဌကြီးခိုင်မိုးလင်းသည် ၁၉၇၆ ခုနှစ်က ဇွန်လ ၂ ရက်နေ့မှ စတင်ပြီး  ကရင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ကရင်နီပြည်နယ်၊ ရှမ်းပြည်၊ ကချင်ပြည်နယ်တို့ကို ဖြတ်ပြီး ချီတက်လာစဉ် ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ချင်းပြည်နယ် တစ်နေရာတွင် ကျဆုံးသွားခဲ့ကြောင်း၊ ကျဆုံးရာတွင်လည်း ရိုးရိုးကျဆုံးခြင်း မဟုတ်ဘဲ အာဇာနည်ပီပီ ရန်သူတွင် လက်နက် မချဘဲ ပါလာသော ပစ္စတို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း၏ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ကို ရခိုင်တစ်မျိုးသားလုံး လေးစားသည်သာမက နောင်လာမည့် မျိုးဆက်သစ် လူငယ်များ အနေဖြင့် အတုယူ အားကျစေလို၍ ယခုလို အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

၃၉ နှစ်မြောက် ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း အောက်မေ့ဖွယ် အခမ်းအနားကို အိန္ဒိယ ALP ဗဟိုဌာနချုပ်တွင်
ကျင်းပရာ အင်အား ၅၀၀ကျော်တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

အလားတူ အခမ်းအနားကို မလေးရှားတွင် နေရာ ၃ ခုတွင်လည်းကောင်း၊ ထိုင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့တွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...