တပ်မတော် စစ်ကြောင်း တစ်ခု တည်းခိုနေသည့် ရေစိုးချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်းမှ လက်နက်ကြီးနှင့် သေနတ်သံများ ထွက်ပေါ်၍ အရပ်သားများ စိုးရိမ်

တပ်မတော် စစ်ကြောင်း တစ်ခု တည်းခိုနေသည့် ရေစိုးချောင်း ကျေးရွာဘုန်းတော်ကြီးကျောင်းမှ လက်နက်ကြီးနှင့် သေနတ်သံများ ထွက်ပေါ်၍ အရပ်သားများ စိုးရိမ်
by -
နိရဥ္စရာ
မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခု တည်းခိုနေသော ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်း ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအတွင်းမှ မေလ ၂၂ ရက်နေ့ ညနေ ၉ နာရီခန့်က လက်နက်ကြီး သံများနှင့် သေနတ်ငယ်သံများထွက်ပေါ်ခဲ့သဖြင့် ကျေးရွာသားများ အကြား အထူး စိုးရိမ်နေကြသည်ဟု ကျေးရွာသားများ က ပြောသည်။

၎င်းသေနတ် ကျည်ဆံများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်ပြီး ရေစိုးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးအား နိရဥ္စရာက ယနေ့ ညနေ ၃ နာရီက ဆက်သွယ်မေးမြန်းရာ သေနတ်သံများ ထွက်ပေါ်ခဲ့ခြင်း ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ ဘုန်းကြီးကျောင်းထဲက လက်နက်ကြီးသံ သုံးလေးချက်နဲ့ လက်နက်ငယ် ပစ်ခတ်သံ ငါးချက် ခြောက်ချက် ကြားရပါတယ်။ အချင်းချင်း စကားများကြရာကနေ အထက်က လူကြီးတွေ ထိန်းမရလို့ ပစ်တာလို့ ကြားရပါတယ်။ အခုတော့ ပြဿနာ ဖြစ်တဲ့ စစ်ကြောင်းပြန်ထွက်သွားပါပြီ။ ဖြစ်တာက တောင်ကုတ် အခြေစိုက် ၅၄၄ တပ်ရင်း ဖြစ်တယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

ယခုလို အချင်းချင်းပစ်ခတ်ကြသော်လည်း တစ်စုံတစ်ရာထိခိုက်မှု ရှိသည်ဟု မကြားရကြောင်း၊ ယခုကဲ့သို့ သေနတ်သံများကြောင့် ကျေးရွာသားများ အနေဖြင့် အထူးစိုးရိမ်ကြောင့်ကြစိတ် ၀င်နေကြကြောင်း သူက ဆက်ပြောသည်။

ဘုန်းကြီးကျောင်းထဲမှ သေနတ်သံများထွက်ပေါ်လာရခြင်း၏ အကြောင်းအရင်းနှင့် ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အား  မေလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက “တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ ဒီလိုအသံတွေကြားတယ်ဆိုပြီး ရွာသားတွေက လှမ်း အကြောင်းကြားတာပေါ့နော်။ ဒါလောက်ပဲ ကျနော်တို့လည်း သိရတယ်။ တိုက်ပွဲဖြစ်တယ်၊ မဖြစ်ဘူးလည်း ဘယ်သူမှ တိတိကျကျမသိရသေးဘူး” ဟု နိရဥ္စရာ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

ရေစိုးချောင်း ကျေးရွာသား တစ်ဦးကမူ လက်နက်ကြီးအသံ ၄ ချက်နှင့်အတူ လက်နက်ငယ်အသံပေါင်း ၂ဝ ကျော်ကို မေလ ၂၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရေစိုးချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ကြားခဲ့ရသည်ဟု  ပြောသည်။

ရေစိုးချောင်း ကျေးရွာနေအမျိုးသမီးတစ်ဦးကလည်း  “ ဘုန်းကြီးကျောင်းမှာ နေကြတဲ့ စစ်သားတွေက သူတို့အချင်းချင်း သောက်စားမူးယစ်ပြီးတော့ အပေါ်ကို ထောင်ပစ်ကြတာလို့ ပြောကြတာပဲ။ အသံတော့ တော်တော်ကျယ်တယ်။ တစ်ခါမှလည်း မကြားဖူးတော့ အသံကြားတာနဲ့ ကိုယ်တွေ၊ လက်တွေ အေးသွားတာပဲ။ တော်တော်ကြောက်သွားခဲ့တယ်” ဟု နိရဥ္စရာသို့ပြောသည်။

စစ်ဘေးရှောင် ၂ဝဝ ကျော် ဝင်ရောက်ခိုလှုံနေသည့် အဆိုပါကျေးရွာတွင် ကျောင်းထိုင်ဘုန်းကြီး ခရီးလွန်နေခိုက် ကျောင်းဝင်းအတွင်း တပ်မတော်သားများ ဝင်ရောက်တည်းခိုနေကြခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီး မေလ ၂၃ ရက်နေ့နံနက်ပိုင်းက တပ်မတော်သားများ ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာ သွားကြသည်ဟုလည်း မျက်မြင်ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ လက်နက်ကြီးအသံနှင့် သေနတ်သံများကို ရေစိုးချောင်းကျေးရွာမှ ၆ မိုင်ခန့်ဝေးသည့် ကျောက်တန်း ကျေးရွာမှလည်း ကြားခဲ့ရသည်ဟု ကျောက်တန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...