ဖိတ်ခေါ် ဆွေးနွေးခံရသည့် ရခိုင် အသိပညာရှင်များ၊ အတတ်ပညာရှင်များမှာ ရခိုင်ပြည်နယ် ပြင်ပတွင် ရောက်ရှိနေထိုင်နေကြသူများ ဖြစ်ကြသည်ဟု သိရသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကားပြောကြားရာတွင် သမားရိုးကျနည်းလမ်းများဖြင့် လုပ်နေ၍ တိုးတက်နေသော နိုင်ငံများကို အမှီလိုက်နိုင်မည်မဟုတ်၍ ခေတ်မီနည်းပညာ များကို အသုံးပြုရန် လိုအပ်သည်ဟု ပြောကြားသွားသည်။
“ဒီခေတ်ဟာ နည်းပညာခေတ်ဆိုတော့ နေရာဒေသတစ်ခု ခေတ်မီဖွံ့ဖြိုးတက်ဖို့အတွက်ဆိုရင် နည်းပညာကို တတ်သိ နားလည်ကျွမ်းကျင်ဖို့ လိုအပ်တယ်။ သမားရိုးကျ နည်းနဲ့လုပ်နေလို့ တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ ရင်ဘောင် တန်းနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို ရယူချင်လို့ အခုလို တွေ့ဆုံရခြင်းဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်က ပြောကြားသွားသည်။

လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်စံက ရခိုင်ပြည်နယ် ခေတ်မီဖွံ့ဖြိုး တိုးတက်ရန် အချက်အလက်များနှင့် ပြည့်စုံနေသည်ဟု သုံးသပ် ပြောကြားသွားခဲ့သည်။
၀န်ကြီး ဦးအောင်ကျော်ဇံက “ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲမှာ ထူးခြားတဲ့ဒေသတစ်ခုဖြစ်တယ်။ စိုက်ပျိုးရေး အတွက် မြေယာတွေ ပေါများသလို၊ ကမ်းရိုးတန်းရှိပြီးတော့ သဘာဝ သယံဇာတ ပေါကြွယ်ဝတယ်။ ရှေးဟောင်း အဆောက်အုံတွေကို ပိုင်ဆိုင်ထားတဲ့အတွက် တိုးတက်ဖို့အတွက် အဘက်ဘက်က ပြည့်စုံ နေတယ်။ ဒီလို အလားလာကောင်းတွေ ရှိနေသလို အခြားပြည်နယ်နဲ့ မတူတဲ့ အခက်အခဲတွေကို ရင်ဆိုင် နေရတယ်။ မိုးများပြီး လယ်ယာမြေများပေမယ့် တစ်နှစ်မှာ စပါးတစ်သီးပဲ စိုက်ပျိုးနိုင်ပြီးတော့ နွေရာသီမှာ ရေရှားပါးမှုနဲ့ ရင်ဆိုင်နေရပြန်ပါတယ်။ ဒီအခက်အခဲတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲဆိုတာကို ပညာရှင်တွေ အနေနဲ့ စဉ်းစားအဖြေရှာပြီး၊ အကြံဉာဏ်တွေ ပေးစေချင်ပါတယ်”ဟု ဆိုသည်။
တက်ရောက်လာကြသော ပညာရှင်များကလည်း ၄င်းတို့ ကျွမ်းကျင်သော နယ်ပယ်အသီးသီးမှ တတ်သိ နားလည်မှုများကို တင်ပြခဲ့ကြရာ IT ပညာရှင် ဦးသိန်းဦးက “ အရင်တစ်ချိန်တုန်းကဆိုရင် မြန်မာနိုင်ငံထဲမှာ ရခိုင်တွေဟာ ပညာအတတ်ဆုံးပဲ။ တက္ကသိုလ်တွေမှာ ပါမောက္ခတွေဆိုရင် ရခိုင်တွေ များတယ်။ အခုတော့ ပညာရေးမှာ ရခိုင်ပြည်နယ်ဟာ နိမ့်ကျတဲ့ ပြည်နယ်တစ်ခုဖြစ်နေပြီ။ ဒီလို နိမ့်ကျနေတာကနေပြီးတော့ ပြန်ပြီးထိပ်ဆုံးရောက်လာအောင် ကြိုးစားကြရမယ်။ ဒီလို ကြိုးစားတဲ့နေရာမှာ IT နည်းပညာတွေကို အသုံးပြုဖို့လိုအပ်လာပါတယ်”ဟု ထောက်ပြပြောဆိုသွားသည်။
သူကဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်များတွင် ၅ နှစ်သင်ရမည့် ကွန်ပျူတာပညာရပ်ကို ၃ နှစ်သာ ပို့ချ ပေးနေသောကြောင့် ဘွဲ့ရသော်လည်း အသုံးမရသော ဘွဲ့သာဖြစ်နေသည်ဟု ထောက်ပြဝေဖန် ပြောဆို ခဲ့သည်။
စီးပွားရေးပညာရှင် ဦးရွှေသိန်းကလည်း “အရင်တုန်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ခဲ့တယ်ဆိုတာ ဆိပ်ကမ်းတွေကို အသုံးပြုပြီး နိုင်ငံတကာနဲ့ တိုက်ရိုက်ကုန်သွယ်ခွင့် ရခဲ့လို့ဖြစ်တယ်။ အခုဆိုရင် ရခိုင်တွေပိုင်တဲ့ သင်္ဘောတွေဟာ ဆိပ်ကမ်းမှာ ဆိုက်ကပ်လို့ မရတော့ဘူး။ မြစ်လယ်မှာ ကျောက်ချရပ်နားပြီးမှ စက်လှေတွေနဲ့ တဆင့်သယ်ယူနေရတယ်။ တရုတ်တို့ အိန္ဒိယတို့ ရခိုင်ပြည်နယ်မှာလာပြီး ဆိပ်ကမ်းတည်ဆောက်တယ်ဆိုတာ သူတို့နိုင်ငံတိုးတက်ရေးအတွက်ပဲ။ ရခိုင်တွေအတွက် အသုံးပြုနိုင်မယ့် ဆိပ်ကမ်းတွေကို အစိုးရက တာဝန် ယူပြီးတော့ တည်ဆောက်ပေးဖို့လိုတယ်။ ဒါမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်လာမှာ”ဟု ဆိုသည်။
သူ့အနေဖြင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ဘန်ကောက်၊စင်ကာပူ၊ ဟောင်ကောင်နှင့် ကမ္ဘာ့မြို့ကြီးများတွင် လုပ်ကိုင်လျက်ရှိသောကြောင့် အဆိုပါနိုင်ငံများ အဘယ်ကြောင့် ဖွံ့ဖြိုးတိုးတက်နေသည်ကို လေ့လာသိရှိထားသူ တစ်ဦးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်း၍ လုပ်ပိုင်ခွင့်များကို ပြည်နယ်အစိုးရကပေးမည်ဆိုပါက လုပ်ငန်းများကို အစပျိုးလုပ်ကိုင်လာနိုင်ပြီး နိုင်ငံတကာမှ ပံ့ပိုးမှုများကို ရရှိလာမည်ဖြစ်ကာ ရခိုင်ပြည်နယ်သည် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ဟု ပြောကြားသွားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ၀န်ကြီးများ၊ ရခိုင်ပြည်နယ်ပြင်ပသို့ ရောက်ရှိနေသာ ရခိုင ်ပညာရှင်များနှင့် ရခိုင်ပြည်နယ် တက္ကသိုလ်ကျောင်းများမှ ဆရာ၊ ဆရာမများအပါအဝင် စုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ကြသည်။
ယခုတွေ့ဆုံပွဲသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလက်ထက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။







