မြောင်းမြမြို့နယ် ရှစ်အိမ်တန်း-ကျောင်းစု ရွာချင်းဆက်တံတား ကိုယ်ထူကိုယ်ထ တည်ဆောက်ပြီးစီး

မြောင်းမြမြို့နယ် ရှစ်အိမ်တန်း-ကျောင်းစု ရွာချင်းဆက်တံတား ကိုယ်ထူကိုယ်ထ တည်ဆောက်ပြီးစီး
by -
ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ သိလ္လာတိုက်နယ်၊ ပျဉ်လုံကျေးရွာအုပ်စုရှိ ရှစ်အိမ်တန်းရွာနှင့် ကျောင်းစုကျေးရွာချင်းဆက်တံတားကို ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ပြီး ယင်းတံတားဖွင့်ပွဲကို မေ ၂၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု တံတားတည်ဆောက်ရေး ဦးဆောင်စီစဉ်သူများက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တံတားဖြစ်မြောက်ရန် ပြည်တွင်း၊ ပြည်ပရှိ ကရင်လူမျိုးများ၏ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ယခင် ဧပြီလ အတွင်းတွင် စတင်တည်ဆောက်ခဲ့ပြီး တံတားတည်ဆောက်ရာ၌လည်း ဒေသခံရွာသားများ လုပ်အားပေး ဝိုင်းဝန်းလုပ်ဆောင်ကာ ယခုဆိုလျှင် ပြီးစီးပြီဖြစ်သည့်အတွက် မကြာမီ ဖွင့်လှစ်နိုင်တော့မည့်အကြောင်းကို ကျေးရွာချင်းဆက် တံတားတည်ဆောက်ရေး ဦးဆောင်စီစဉ်သူ နန့်သန္တာက ယခုလို ပြောသည်။

“ကျမတို့ငယ်ငယ်ထဲက တံတားမရှိတော့ မိုးတွင်းဘက် ကျောင်းတက်တဲ့အခါ ရင်ခေါင်းလောက်ရေကူးပြီး သိလ္လာမှာ ကျောင်းသွားတက်ခဲ့ရတယ်။ ရေမကူးချင်ရင် တခြားလမ်းက သွားရင် အဝေးကြီးပဲလေ။ အခုချိန်ထိ ဒီအတိုင်းပဲဖြစ်နေတော့ ကိုယ့်ကရင်မိတ်ဆွေတွေကို အကူအညီတောင်းပြီး ဝိုင်းလှူဒါန်းတဲ့ ပိုက်ဆံနဲ့ တံတား ဆောက်ဖြစ်သွားတယ်။ အခုဆိုရင် တံတားဖွင့်လှစ်နို်င်တော့မယ်။ ကိုယ့်လူမျိုးအချင်းချင်း ဝိုင်းဝန်းကူညီကြရင် အခက်အခဲတွေကို ကျော်လွှားနိုင်တယ်ဆိုတာ လက်တွေ့ပဲ”ဟု နန့်သန္တာက ကေအိုင်စီသို့ ပြောသည်။

ကိုယ်ထူကိုယ်ထ တည်ဆောက်လိုက်သည့် ရွာချင်းဆက်တံတားမှာ ကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး အရှည် ၁၈ ပေ၊ အကျယ် ၁၀ ပေ ရှိကာ တံတားအတွက် အမိုးတခု ပါဝင်ကြောင်း၊ တံတားတည်ဆောက်ရာတွင် စုစုပေါင်း ကျပ် သိန်း ၃၀ ကျော်ကုန်ကျခဲ့ကြောင်း သူမက ဆက်ပြောသည်။

တံတားတည်ဆောက်ပြီးစီးပါက ပျဉ်လုံကျေးရွာအုပ်စုအတွင်း ကျေးရွာငါးရွာကျော် ခရီးလမ်းတိုတိုဖြင့် သိလ္လာ တိုက်နယ်နှင့် အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သလို ကျောင်းစုကျေးရွာအတွင်းရှိ ကျောင်းသူ၊ ကျောင်းသာ ၄၀ ဦးကျော် သိလ္လာအထက်တန်းကျောင်းသို့ ကျောင်းတက်နိုင်တော့မည်ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကျောင်းစုကျေးရွာသား မန်းတိုးတိုးက “တံတားက ကြီးကြီးမားမား မဟုတ်ပေမယ့် ဘယ်လောက်အသုံးဝင် တယ်ဆိုတာ ဒေသခံရွာသားတွေပဲ သိတယ်။ ဒီတံတားဆောက်ဖို့ မြောင်းမြက စည်ပင်တို့၊ ဘာတို့ကို တင်ပြ တယ်။ လုပ်ပေးမယ်၊ လုပ်ပေးမယ်ဆိုပြီး ခုထိ လာမလုပ်ပေးဘူး။ အရင်က နာမကျန်းဖြစ်ရင် ပုခတ်နဲ့ သွားရတာ ရေထဲကိုဖြတ်တော့ အရမ်းဒုက္ခရောက်တယ်။ မိုးများရင် ချောင်းဖြတ်မရလို့ ရွာထဲက ကျောင်းသားလေးတွေ ကျောင်းမတက်ခဲ့ရဘူး။ ဝိုင်းဝန်းကူညီပေးသူ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်တယ်”ဟု ပြောသည်။

လက်ရှိ တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့် ယခုတံတားကို တံတားအဆင်းမြေသား ကျစ်လစ်ရေးအပိုင်းကို အဆုံးသတ်လုပ်ဆောင်ကာ တံတားဖွင့်ပွဲကို မေ ၂၂ ရက်နေ့တွင် ဒေသခံရွာသားများ စုပေါင်းပြုလုပ်သွား မည်ဟု ဦးဆောင်စီစဉ်သူများထံမှ သိရသည်။

June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...
Photo: Myaung Education Network
June 2, 2026
ကြားကာလပညာရေးဖော်ဆောင်ရာတွင် လှုပ်ရှားဆောင်ရွက်နေကြသည့် CDM များအား လခပေး ဝန်ထမ်းအဖြစ်...
Photo: KNU
June 1, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊...