မေလ ၅ ရက်နေ့ မွန်းလွဲပိုင်း ကတည်းပင် အစိုးရတပ် စကခ (၇) (ဖယ်ခုံ၊ ရှမ်းပြည်နယ် တောင်ပိုင်း) အောက် တပ်ဖွဲ့များနှင့် ရှမ်းနီ ပြည်သူ့စစ် စုပေါင်း တပ်ဖွဲ့တို့သည် KIA တပ်မဟာ (၂) လက်အောက် တပ်ရင်း (၆) နယ်မြေ ဆိုင်းဖရာ သို့ ထိုးစစ်ဆင် တိုက်ခိုက်လာ သဖြင့် နှစ်ဖက်တပ်ကြား တို်က်ပွဲ ပြင်းထန်ခဲ့သည်။
ယင်း အခြေအနေအပြီး နောက် နှစ်ရက် မေလ ရ ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး တဖန် အစိုးရတပ်နှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ တို့သည် KIA တပ်ရင်း ၆ ဌာနချုပ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ပြန်လည် ထိုးစစ်ဆင် ဝင်လာသောကြောင့် တို်က်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်။
ထို့နောက် မေလ ၈ ရက်နေ့ နှစ်ဖက်တို်က်ပွဲသည် နန့်ယား (Nam Ya) နားအထိ ဖြစ်ပွားခဲ့ကာ ဖားကန့် ကျောက်စိမ်းမှော် တွင်လည်း ဆက်လက် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ယမန်နေ့ တစ်ရက်ထဲပင် ဖားကန့်မြို့အတွင်း ဗုံးပေါက်ကွဲမှုများ ရှိခဲ့သည်။
ယခု တိုက်ပွဲများနှင့် ပတ်သက်ပြီး လိုင်ဇာတွင် တာဝန်ရှိသည့် KIA ဒုဗိုလ်မှူးကြီး နော်ဘူ က “ပြင်းထန်တဲ့ တိုက်ပွဲတွေက မရှိပေမယ့် နေ့တိုင်းလိုလို နည်းနည်းပါးပါး ပစ်ခတ်မှုတွေတော့ ရှိနေတယ်။ နှစ်ဖက်တပ် ထိခိုက် အကျအဆုံးလည်း တိတိကျကျ မသိရသေးဘူး။ တပ်ရင်း ၆ ဌာနချုပ် အနီးနှင့် နန့်ယား အနီးနား အထိ တိုက်ပွဲတွေဖြစ်တယ်” လို့ ကချင်သတင်းဌာန KNG ကိုပြောသည်။
ထို့အပြင် လက်ရှိတိုက်ပွဲများသည် KIA တပ်ဖွဲ့ ၏ မရှောင်လွဲနိုင်သော ခုခံကာကွယ် တိုက်ပွဲသာ ဖြစ်ကြောင်း ဒု ဗိုလ်မှုးကြီးနော်ဘူက “ကျနော်တို့ KIO ဗဟိုဌာနချုပ်ကနေပြီးတော့ စစ်တိုက်ဖို့ လက်အောက် တပ်တွေကို ညွှန်ကြားထားတာတော့ မရှိဘူး။ ဒါပေမယ့် ကိုယ့်နယ်မြေကို ကျူးကျော်လာတဲ့ သူရှိရင်တော့ နေရာတကာ ခုခံ တိုက်ပွဲတွေတော့ ဖြစ်မှာပဲ” စသဖြင့် ဆက်ပြောခဲ့သည်။
KIA ပြည်သူ့စစ် MHH များရှိရာ တပ်ရင်း ၆ ဌာနချုပ် ရှေ့တန်း သတင်းပေး စခန်းအချို့ကို နောက်ဆုတ်ပေးလိုက်ခြင်း မဟုတ်ဘဲ စစ်ရေး နည်းပရိယာယ်အရ အကွက်ရွှေ့ခြင်းသာ ဖြစ်သည်ဟု ဒုဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။
ကချင် လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့၏ တိုက်ပွဲများသည် လွန်ခဲ့သည့် ဧပြီလထက် ယခုလတွင် ပိုမို သိပ်သည်းလာပြီဖြစ်သည်။
တစ်ဖက်တွင်လည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေး ဦးတည် ဆောင်ရွက်သွားရေး တို့ကို ယနေ့ နံနက်ပိုင်း နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည်။
သို့သော်လည်း အစိုးရတပ်၏ ထိုးစစ်ဆင်တိုက်ခိုက်နေမှုသည် အစိုးရသစ် တက်လာသည့်နှင့် တစ်ပြိုင်နက် အထူးသဖြင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် ရက္ခိုင့် တပ်မတော် AA တို့နယ်မြေတွင် ယခုထိ ဆက်တိုက် ဖြစ်ပွားနေသည်။







